Monday, January 4, 2016

ကာ/လုံ ဥပဒေကြမ်းအား ကြံ့ခိုင်ရေးအမတ်က လွှတ်တော်တင်ခြင်းဖြစ်

မင်းမင်း

ဒီဇင်ဘာ ၂၁ရက်က အမျိုးသားလွှတ်တော်တွင် အမတ်များအား ဖြန့်ဝေလိုက်သည့် ကာ/လုံဟု လူသိများသော "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ဥပဒေကြမ်းသည် အစိုးရဝန်ကြီးဌာနများက ပေးပို့ထားခြင်းမဟုတ်ဘဲ ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးက တင်ပြထားခြင်းဖြစ်သာဖြစ်သည်ဟု အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

အခြေခံဥပဒေအရ မြန်မာ့နိုင်ငံရေးတွင် အရေးအပါဆုံးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အဆိုပါ ကာ/လုံ ဥပဒေကြမ်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းမှ အမျိုးသားလွှတ်တော် အမတ်ဖြစ်သူ ဦးတင်မြက ဥပဒေအဖြစ်ပြဌာန်းပေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ ပေးပို့ထားခြင်းဖြစ်သည်ဟု ဆိုသည်။

"ဒါဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုက တင်တာ မဟုတ်ပါဘူး။ ပုဂ္ဂလိက ဥပဒေအနေနဲ့ တင်တာပါ" ဟု ဒေါက်တာမြတ်ဥာဏစိုးက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက ရရှိထားသည့် ဥပဒေကြမ်းအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်စီ(ကာ/လုံ)သည် နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲများတွင် အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ သမ္မတထက် အရေးပါမည့် အနေအထားတွင် ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကာ/လုံကောင်စီတွင် ပါဝင်မည့်သူ ၁၁ဦးတွင် စစ်ဘက်မှ(၆)ဦးပါဝင်ပြီး အရပ်ဘက်မှ (၅)ပါဝင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ရေးဆွဲထားသည်။

စစ်ဘက်မှ (၆)ဦးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်သားအမတ်တို့ အဆိုပြုသော ဒုသမ္မတတစ်ဦးတို့ဖြစ်ပြီး အရပ်ဘက်မှ (၅)ဦးမှာ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လွှတ်တော်က ရွေးချယ်သော ဒုသမ္မတတစ်ဦးတို့ ဖြစ်သည်။

ထို့ပြင် ကာ/လုံကောင်စီ၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များချမှတ်သည့်အခါ သဘောထားကွဲလွဲမှုများရှိပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတသည် မဲပေးခွင့်မရှိဘဲ မဲအရေအတွက် တူညီနေမှသာ မဲပေးခွင့်ရရှိမည်ဟုလည်း ဥပဒေကြမ်းတွင် ပါရှိသည်။

ယင်းဥပဒေကြမ်းအား ကြံ့ခိုင်ရေးအမတ် ဦးတင်မြက လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ ပေးပို့ထားခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းအား လွှတ်တော်အမတ်များထံ ဖြန့်ဝေသည့်ရက်မတိုင်ခင်ကတည်းက ဥပဒေကြမ်းကို လွှတ်တော်တင်မည့် ဦးတင်မြမှာ ကျန်းမာရေးအရ ဆေးခွင့်တွင်ကာ ခွင့်ရက်ရှည် ယူထားချိန်ဖြစ်သည်ဟု ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။

"ဥပဒေကြမ်းတွေကို ကိုယ်စားလှယ်တစ်ယောက်က တင်လာမယ်ဆိုရင် ကြိုတင်ပြီး ဖြန့်ဝေရမယ်ဆိုတာ ရှိတယ်။ ဒုတိယညွှန်ကြားရေးမှူးချုပ်(အမျိုးသားလွှတ်တော်ရုံး)ကတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာ။ ဒါပေမယ့် တင်မယ့်လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်မှာ ရှိသလား၊ မရှိသလားဆိုတာကို သူ လေ့လာမှု ချော်သွားတာ" ဟု ဆိုသည်။

ယင်းအခြေအနေအပေါ် အမျိုးသားလွှတ်တော်ရုံးထံသို့ မဇ္ဈိမအနေဖြင့် မေးမြန်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် ယင်းဥပဒေကြမ်းအား လွှတ်တော်အမတ်များထံ ကြိုတင်ဖြန့်ဝေထားသည့် အနေအထားသာ ရှိသေးပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် မဆုံးဖြတ်ရသေးသည့်အတွက်ကြောင့်ဟုဆိုကာ ဥပဒေကြမ်းအပေါ် ဝေဖန်၊ သုံးသပ်ရန် စောနေသေးသည်ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

သို့သော် ဥပဒေကြမ်းအား လွှတ်တော်တင်မည့် ဦးတင်မြမှာ ခွင့်ရက်ရှည်ယူထားခြင်းက တစ်ကြောင်း၊ လာမည့် ၂၀၁၆ ဇန်နဝါရီ ၃၀တွင် ပထမကြိမ်လွှတ်တော်သက်တမ်း ပြီးဆုံးမည်ဖြစ်ခြင်းတို့ကြောင့် ဥပဒေအဖြစ် ပြဌာန်းနိုင်ရန် အလားအလာနည်းသည်ဟု ဒေါက်တာမြတ်ဥာဏစိုးက သုံးသပ်ပြောဆိုသည်။

အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကမူ "ဒါကို ခေါင်းထဲမှာ အလေးအနက် သိပ်ပြီးထည့်ထားစရာ မလိုပါဘူး။ ဒါက အခု ပြဌာန်း၊ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDဖွင့်လိုက်ရင် ဒါဟာ မဲဆွဲဆုံးဖြတ်ရတာပဲ။ ဥပဒေဆိုတာ မကောင်းကောင်းအောင် ပြင်ဆင်ကြမှာပဲလေ။ ကျွန်တော်တို့ အခုလွှတ်တော်မှာ လေးကြိမ်လောက်အထိ ပြင်ဆင်တဲ့ ဥပဒေတောင် ရှိတယ်" ဟု သူ့အမြင်ကို မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၈၀ရာခိုင်နှုန်းခန့် အနိုင်ရရှိထားသောကြောင့် လာမည့် ဒုတိယအကြိမ် လွှတ်တော်တွင် အများစု နေရာရလာမည်ဖြစ်သည်။

No comments: