Wednesday, January 20, 2016

နေပြည်တော်ဖွံ့ဖြိုးရေး အစိုးရအတွက်သာ မဖြစ်သင့်တော့ဟု NLDအမတ် ဝေဖန်

မင်းမင်း

အစိုးရရုံးစိုက်ရာ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန် လျာထားသော စီမံကိန်းများမှာ အုပ်ချုပ်သူအစိုးရများအတွက်သာ မဖြစ်သင့်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD၏ ဥတ္တတရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ဝေဖန်လိုက်သည်။

"နေပြည်တော်တည်ဆောက်ရေးစီမံကိန်းများသည် အုပ်ချုပ်သူမင်းအစိုးရအတွက်မဟုတ်ဘဲ ပြည်သူများအတွက် မြို့တော်အသစ် နေပြည်တော်ဖြစ်စေရန် ရည်မှန်းဆောင်ရွက်ကြပါ" ဟု ဦးမင်းသူက ပြောသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၆- ၂၀၁၇ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် ဆွေးနွေးစဉ် ဦးမင်းသူက ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက လွှတ်တော်သို့တင်သွင်းသည့် အဆိုပါ ဥပဒေကြမ်းတွင် နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားစီမံကိန်းအတွက် ကျပ်သန်းပေါင်း တစ်သောင်းသုံးထောင်ကျော်(၁၃ဘီလီယံကျော်)သုံးစွဲရန် ရေးဆွဲထားသည်။

ယင်းဥပဒေကြမ်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်တွင် ဟိုတယ်(၂)လုံးနှင့် ဥတ္တရသီရိမြို့နယ်တွင် ဟိုတယ်(၁)လုံး စုစုပေါင်း ဟိုတယ် ၃လုံး ထပ်မံတည်ဆောက်ရန် လျာထားသေးသည်။

မြို့နယ်ပေါင်း ၈မြို့နယ်ရှိသည့် နေပြည်တော်တွင် ဟိုတယ်ပေါင်း ၆၃လုံး တည်ဆောက်ထားပြီးဖြစ်သည့်အတွက် "ထပ်မံတည်ဆောက်ဖို့ မလိုအပ်တာ့" ဟု ဦးမင်းသူက ထောက်ပြသည်။

ထို့ပြင် နေပြည်တော်မြို့သစ်တည်ဆောက်ရေးစီမံကိန်းနှင့်အတူ နိုင်ငံတော်ဘဏ္ဍာများ ကုန်ကျစရိတ်ကြီးမားစွာ ပေါ်ပေါက်လာသဖြင့် နေပြည်တော်တည်ဆောက်ရေးစီမံကိန်းစတင်ချိန်မှစ၍ လက်ရှိအချိန်ထိ မည်မျှသုံးစွဲခဲ့သည်ကို တာဝန်ရှိသူများက ပြည်သူများသိစေရန် အသိပေးသင့်ကြောင်းလည်း ဦးမင်းသူက လွှတ်တော်တွင် တောင်းဆိုခဲ့သေးသည်။

မြေဧကပေါင်း ၁,၇၄၃,၈၄၄ဧက ကျယ်ဝန်းသည့် နေပြည်တော်တွင် လူဦးရေ တစ်သန်းကျော် နေထိုင်လျက် ရှိသည်ဟု နေပြည်တော်ကောင်စီဝင် ဦးကံချွန်က ပြောဆိုထားသည်။

ပြည်ထောင်စုအစိုးရရုံးစိုက်သော နေပြည်တော်ရှိ သမ္မတအိမ်တော်အပါအဝင် ပြည်ထောင်စုဝန်ကြီးများကလည်း ၎င်းတို့အစိုးရသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အဆောင်အယောင်အဖြစ် ရရှိထားသော အိမ်များမှ ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။

No comments: