နိရဉ္စရာ
ဖေဖော်ဝါရီ ၆ ရက်နေ့ တွင် ကျင်းပမည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အစည်းအဝေးမှ ရလဒ်ကောင်းများ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင့် ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။
“ ကျွန်တော်တို့ပါတီ အတွင်းမှာ ပြသနာတွေရှိတယ်။ ဒါပေမယ့်လည်း ပါတီကွဲဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အစည်းအဝေးက ရလဒ်ကောင်းတွေဘဲ ထွက်ပေါ်လာပါလိမ့်မယ်” ဟု သူက ပြောသည်။
ရခိုင်အမျိုးသားပါတီ၏ အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ ရှိသည်ဟု သိရသည်။
“ ဘာတွေကို ဆွေးနွေးမလဲဆိုတာတော့ ပြောပိုင်ခွင့် မရှိပါဘူး။ ပါတီအတွက် အကောင်းနိုင်ဆုံး ဖြစ်အောင် ဆွေးနွေးကြမယ်လို့သာ ပြောကြားချင်ပါတယ်” ဟု ဦးစံကျော်လှက ဆက်လက် ပြောဆိုသည်။
အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဦးအေးသာအောင်အား ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် အစည်းအဝေး တက်ရောက်နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ မတက်ရောက်နိုင်သည်မှာ တခြားကြောင့် မဟုတ်ဘဲ လွှတ်တော်ရေးရာ တာဝန်များကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။
ပါတီမှ CEC အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမျိုးကျော်အား ဆက်သွယ်မေးမြန်းရာ ပါတီ CEC အစည်းအဝေးဆိုသော်လည်း အရေးကြီးမည်ဟု သူမထင်ကြောင်း၊ ယင်းပြင် မတက်ရောက်နိုင်သူများ အနေဖြင့် ဖုန်းထဲကလည်း ဆွေးနွေး၍ ရသည်ဟု ဖိတ်စာထဲတွင် ပါနေသဖြင့် ဖုန်းထဲက ဆွေးနွေးလျှင် ရသဖြင့် အစည်းအဝေး မတက်တော့ကြောင်း ပြောကြားသည်။
လက်ရှိ နိရဉ္စရာမှ စုံစမ်းသိရှိရသလောက် ယခုအစည်းအဝေးတွင် ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး ကိစ္စ၊ လွှတ်တော်ရေးရာ ကိစ္စ၊ မင်းပြား ပြည်နယ် လွှတ်တော် အမတ် ဦးလှအောင်ညွှန့် ထောင်တစ်နှစ် ချမှတ်လိုက်သည့် ကိစ္စ၊ ပါတီ ရှေ့ရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု သိရှိရပါသည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း “ အမျိုးသားအကျိုးစီးပွားဆိုတဲ့ ဦးတည်ချက်နဲ့ ဖွဲ့စည်းထားသည့် ရခိုင်အမျိုးသားပါတီသည် ရခိုင်လူထုအတွက် ဘယ်လောက် အကျိုးရှိသလဲ၊ ရခိုင်တွေရဲ့  အနာဂတ် အကျိုးစီးပွားကို ဘယ်လောက် ကာကွယ်နိုင်မလဲဆိုတဲ့ ကျနော်တို့ အမိမြေ လုံခြုံမှုနဲ့ အမိမြေရဲ့  ပေးထားတဲ့ သင်ခန်းစာပေါ်မှာ ပြန်လည်သုံးသပ်ပြီးမှ ရင်ကြားစေ့ဖို့၊ ညီညွှတ်ဖို့ ကျနော်တို့အားလုံး ဆန္ဒရှိသင့်တယ်၊ ရှိအပ်တယ်ဆိုတာကို နိုင်ငံရေးသိက္ခာ၊ သမာရှိကြတဲ့ ပုဂ္ဂိုလ်တိုင်း ရင်ထဲမှာ ရှိကြရင် ကျနော်တို့ရဲ့  အနာဂတ်ဟာ လက်တကမ်းမှာ ရှိပါတယ်” ဟု VOA နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

No comments:
Post a Comment