Saturday, February 20, 2016

အစိုးရသစ်ရဲ့ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ

မေစစ်ပိုင်


မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဌ ဖြစ်လာသူကတော့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ ဆိုသူပဲ ဖြစ် ပါတယ်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်တင်အိဟာ နှစ်ပေါင်း ၃၀ ကျော် ရှေ့နေအလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းခဲ့သူတဦး ဖြစ်ပြီး သမိုင်း ၀င် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားပြု ကိုယ်စားလှယ်တဦးအဖြစ် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

NLD ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်တင်အိ အနိုင်ရခဲ့သလို တနိုင်ငံလုံးမှာလည်း သူ့ပါတီဖြစ်တဲ့ NLD ဟာ နေရာ အများစု အနိုင်ရရှိ ခဲ့တာပါ။ မွန်ပြည်နယ်မှာလည်း NLD က နေရာ အများစု အနိုင်ရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ရွေးချယ်ပွဲမှာ ဒေါ်တင်အိ တယောက် လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဖြစ်လာသူ ဒေါ်တင်အိက“ဥပဒေပြုရေး ကိစ္စတွေကို လုပ်ဆောင်မယ်။ ပြည်သူလူထုကို အကာအကွယ် ပေးနိုင်မယ့် ဥပဒေမျိုးတွေ၊ ပြည်နယ် ကောင်းစားစေဖို့ လုပ်မယ်။ အုပ်ချုပ်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်မှာ မဟုတ်ဘဲ အုပ်ချုပ် ခံရတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို ကျမ ကာကွယ်သွားမှာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

သူအနေနဲ့ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပြီးနောက် NLD ပါတီဝင်တဦး ဖြစ်လာခဲ့ကြောင်း၊ ထို့နောက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ကြောင်း သိရပါတယ်။

၁၉၉၈ ခုနှစ်မှာ NLD ပါတီရဲ့ မြို့နယ်အဆင့် ပါတီဝင်တွေကို အစိုးရ ထောက်လှမ်းရေးဘက်က ထိန်းသိမ်းခဲ့တာကြောင့် ဒေါ်တင်အိ လည်း ၂ လ ခန့် ထိန်းသိမ်းခံခဲ့ရပါတယ်။ ထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် NLD ပါတီဝင်အဖြစ် ဆက်လက် ရပ်တည် ပြီး ပါတီရဲ့လှုပ်ရှားမှုတွေမှာ တောက်လျှောက် ပါဝင်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

“ဒီဒေသမှာ မတရားသဖြင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေကိစ္စတွေ အများကြီး ရှိတယ်။ အလုပ်အကိုင် ရှားပါးတဲ့ကိစ္စတွေ ရှိတယ်။ ဘွဲ့ရပြီး အလုပ်လုပ်ဖို့ မရှိလို့ ပြည်ပထွက်နေရတာတွေလည်း ရှိတယ်ဆိုတော့ ဒီလိုကိစ္စတွေကိုလည်း ဦးစားပေးဆောင်ရွက်ရမှာပေါ့”လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ လွှတ်တော် ဥက္ကဌ တယောက် ဖြစ်လာတဲ့အတွက် တာဝန်တွေ အများကြီး ရှိလာတယ်လို့ ခံစားရပြီး လွှတ်တော် ကိုယ်စား လှယ်တွေကိုလည်း ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့နဲ့ လွှတ်တော် ဂုဏ်သိက္ခာ မြင့်မားအောင် ဆောင်ရွက်ကြဖို့ မှာထားတာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ မတရား ဖိနှိပ်ခံနေရဆဲ၊ ခေါင်းပုံဖြတ်ခံနေရဆဲ ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ဆေးတက္ကသိုလ် တက်ဖို့ အမှတ်စာရင်း တင်ပြချိန်မှာတောင် မိန်းကလေးနဲ့ ယောက်ျားလေး အမှတ်စာရင်း တန်းတူမဖြစ်သေးတာ တွေ့ နေရကြောင်း သူက သုံးသပ်ပါတယ်။

ဒေါ်တင်အိရဲ့ မိဘဖြစ်သူတွေက ကုန်သည်တွေဖြစ်ပြီး နိုင်ငံရေးမျိုးရိုး မရှိခဲ့ပေမယ့် သူ့အလှည့်ရောက်မှ နိုင်ငံရေးလောကထဲ ခြေစုံပစ် ဝင်ရင်း မတရားမှုတွေကို တွန်းလှန်ဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။ ၁၉၇၁ ခုနှစ်ကတည်းက ရှေ့နေတဦးဖြစ်ခဲ့တဲ့ သူဟာ ရာဇ ဝတ်မှုတွေနဲ့ တရားမမှုပေါင်း များစွာအတွက် ရှေ့နေလိုက်ခဲ့တယ်လို ဆိုပါတယ်။

မွန် – ဗုဒ္ဓဘာသာတဦးဖြစ်တဲ့ လွှတ်တော် ဥက္ကဌ ဒေါ်တင်အိမှာ သားသမီး ၆ ဦး ရှိပြီး အားလပ်ချိန်တွေမှာတော့ မိသားစုနဲ့အတူ နေထိုင် ရင်း အချိန်ကုန်လေ့ ရှိတယ်လို့ သိရပါတယ်။

“တခါတလေမှာ ပညာရေးကိစ္စတွေမှာ သာမန်လူတွေ မသင်ကြားနိုင်တဲ့ဟာတွေ ရှိနေတယ်။ ကျန်းမာရေးကလည်း ဆေးကုသစရိတ် တွေက ဝန်ပိစေတာတွေရှိတယ်ဆိုတော့ အဲဒီအပိုင်းတွေမှာလည်း ကြိုးစားဆောင်ရွက်မှာပါ။ ကျမတို့ပြည်နယ်နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာမျိုး ပါတီထိပ်ပိုင်းရဲ့ ညွှန်ကြားချက်က လောလောဆယ်ထိတော့ မရှိသေးပါဘူး”လို့ ဒေါ်တင်အိက ရှင်းပြ ပါတယ်။

ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဌ ဒေါ်တင်အိကတော့ သူတာဝန်ယူစဉ် ကာလတလျှောက်မှာ မွန်ပြည်နယ် ဒေသခံတွေအတွက် အကျိုး ဖြစ်ထွန်းစေမယ့် ဥပဒေပြုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေကို ဦးစားပေးဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုပါ တယ်။

No comments:

Post a Comment