Monday, February 1, 2016

လာမယ့်လွှတ်တော်မှာ မပါတော့ပေမယ့် လိုအပ်ပါက ကူညီဖို့အသင့်ပဲလို့ ဦးဌေးဦးပြော

မင်းမင်း

ဥပဒေပြုရေးအတွက် တာဝန်ယူရတော့မည့် အမတ်သစ်များအနေဖြင့် အခက်အခဲမရှိ လုပ်ဆောင်နိုင် မည်ဟု ယုံကြည်သလို လိုအပ်ပါကလည်း လွှတ်တော်အတွက် ကူညီဖို့အသင့်ပဲဟု ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက ပြောကြားလိုက်သည်။

သူအပါအ၀င် လက်ရှိလွှတ်တော်အမတ်အများစုသည် လာမည့်လွှတ်တော်တွင် ဆက်လက်ပါဝင်ခြင်း မရှိတော့သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် ဆောင်ရွက်သွားမည်ဟုဆိုကာ “လွှတ်တော်အတွက် လိုအပ်မှုရှိလာပါကလည်း ကူညီဆောင်ရွက်ဖို့အသင့်ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟု ဦးဌေးဦးက ပြောသည်။


ဇန်န၀ါရီ ၂၈ရက်က ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ နောက်ဆုံးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြောကြားသည့် နှုတ်ဆက်အမှာစကားတွင် ဦးဌေးဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ကျွန်တော်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အများစုဟာ လာမည့်လွှတ်တော်မှာ မပါဝင်နိုင်ကြတော့ပေမယ့်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးအတွက် ဆက်လက်ဝိုင်းဝန်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဦးဌေးဦးက ဆိုသည်။

 နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၃၀နှင့် အမျိုးသားလွှတ်တော်တွင် ၁၁နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၀ရွေးကောက်ပွဲအပြီး လွှတ်တော်သို့ရောက်ရှိလာကြသည့် သူအပါအ၀င် လွှတ်တော်အမတ်များသည် လွှတ်တော်အတွေ့အကြုံမရှိခဲ့သော်လည်း လေ့လာသင်ယူရင်း ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟု ဦးဌေးဦးက ပြောသည်။

 “မကြာမီရက်အတွင်းမှာ ပြည်သူများက ယုံကြည်ရွေးချယ်ထားသူ ကိုယ်စားလှယ်များနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လွှတ်တော်ဆိုင်ရာ အရေးပါတဲ့ တာဝန်များကို ပြောင်းလဲဆောင်ရွက်ကြရ တော့မှာ ဖြစ်ပါတယ်။ စတင်ဆောင်ရွက်စမှာ အခက်အခဲမရှိအောင် လွှတ်တော်အပိုင်းက ဆောင်ရွက်ပေး နေသလို၊ ကော်မတီများကလည်း ပြင်ဆင်ပေးထားတဲ့အတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသည် ဖေဖော်ဝါရီ ၁ရက်တွင် စတင်တော့မည်ဖြစ်ပြီး အမတ်သစ်များကလည်း လေ့လာသူများအဖြစ် လွှတ်တော်တွင် တက်ရောက်နေကြပြီဖြစ်သည်။

No comments: