Thursday, February 18, 2016

ထောင်ဒဏ်ချမှတ်ခံရသော မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ကို ကျောက်ဖြူထောင်သို့ ပို့ဆောင်

ကျော်ဝင်း


မြေပုံမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခံထားရသော ရခိုင်အမျိုးသားပါတီရဲ့ မင်းပြားမြို့နယ် အနိုင်ရ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို ဇန်န၀ါရီလ(၃၁)ရက်နေ့က ကျောက်ဖြူ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ် ကြောင်းသိရသည်။

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို ဇန်န၀ါရီ(၃၁)ရက်နေ့ ညနေ ၃နာရီကျော်ခန့်တွင် မြေပုံမြို့နယ်မှ ရဲအုပ်တစ်ဦးနှင့် ရဲတပ်သားလေးဦးဖြင့်လာရောက်ပို့ဆောင်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ်၊ ရခိုင်အမျိုးသားပါတီရဲ့ ဒုဥက္ကဌဦးသန်းနိုင်မြင့် ကပြောသည်။

”ဒီနေ့ ဦးလှအောင်ညွန့်ကို မြေပုံမြို့နယ်မှ ကျောက်ဖြူထောင်သို့လာပို့ပါတယ်။ ရဲအုပ်တစ်ဦးနဲ့ ရဲတပ်သား လေးဦး အစောင့်အရှောက်နဲ့လာပို့ပါတယ်။ ကျနော်နဲ့ ပါတီဥက္ကဌတို့ အကျဉ်းထောင်ကိုသွားပြီးတော့ စားစရာတွေ သွားပေးခဲ့တယ်“ဟုဦးသန်းနိုင်မြင့် ကပြောသည်။

ဦးလှအောင်ညွန့် ပြစ်ဒဏ်ချမှတ်ခံထားရသောကိစ္စနှင့်ပတ်သက်ပြီး အယူခံဝင်ရန်အတွက် ကျောက်ဖြူမှ ရှေ့နေနှင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အကျဉ်းထောင်သို့သွားတွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု ပုဒ်မများဖြစ်သည့် ၄၅၁၊ ၅၀၆တို့ဖြင့် မြေပုံမြို့နယ် တရားရုံးက ထောင်ဒဏ်( ၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

သူ့အနေဖြင့် မင်းပြားမြို့နယ်တရားရုံးကို အယုံအကြည်မရှိ ဟုဆိုကာ မြောက်ဦးခရိုင် တရားရုံးကို အယူခံတင်ခဲ့ရာ မြောက်ဦးခရိုင်တရားရုံးမှ မြေပုံမြို့နယ်တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်းသိရသည်။

မင်းပြားမြို့နယ် အမှတ်(၂)အနိုင်ရပြည်နယ်လွှတ်တောကိုယ်စားလှယ် ဦးလှအောင်ညွန့်အား ပိုင်နက်ကျူးလွန်မှုဖြင့် တရားတရားစွဲသူမှာ မင်းပြားမြို့၊ အောက်ရွာပိုင်းမှ ဒေါ်ဦးမြကြည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment