Monday, February 22, 2016

ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ ဖမ်းဆီးခံထားရသူ သုံးဦးကို တရားသူကြီးအပြောင်းအလဲကြောင့် အမိန့်မချနိုင်သေး

အောင်ကိုဦး

လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁)နှင့် မတရားအသင်းနှင့် ဆက်သွယ်သည့် ဥပဒေ ပုဒ်မ ၁၇(၁)တို့ဖြင့် တရားစွဲဆိုခံထားရသော ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ ကိုဇော်ဇော်လတ်၊ ကိုဇော်ဝင်းဘိုနှင့် မပွင့်ဖြူလတ်တို့ကို ဖေဖော်ဝါရီလ ၁၇ ရက် ရုံးချိန်းတွင် ပုဒ်မ တစ်ခုအတွက် အမိန့်ချရမည်ဖြစ်သော်လည်း တရားသူကြီး အပြောင်းအလဲကြောင့် နောက်ထပ် ရုံးချိန်းတစ်ခု ထပ်မံ ချိန်းဆိုလိုက်သည်။

"၁၃(၁)က ဒီနေ့အမိန့်ချဖို့ပါ။ ဒါပေမယ့် ဒီအမှုက ကျွန်မလက်ထဲ ဒီနေ့မှရောက်တာဆိုတော့ ဘာမှမသိရသေးဘူး။နောက်တစ်ချိန်းတော့ အမိန့်ချမှာပါ။ ပုဒ်မ(၁၇)ကတော့ အမိန့်မချသေးပါဘူး။ ပြန်ခေါ်သက်သေတွေစစ်ဖို့ ကျန်ပါသေးတယ်။အရင်တရားသူကြီးက သင်တန်းသွားနေလို့ပါ။" ဟု ယင်းအမှုအားစစ်ဆေးနေသည့် တရားသူကြီးကိုယ်စားရောက်ရှိလာသူ မြို့နယ်တရားသူကြီးဟု ဒေါ်လွင်လွင်လှိုင်က ပြောသည်။

၎င်းတို့ သုံးဦးအတွက် နောက်ထပ် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၆ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။

ကိုဇော်ဇော်လတ်၊ ကိုဇော်ဝင်းဘိုနှင့် မပွင့်ဖြူလတ်တို့ကို ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲဆိုခံရခြင်းသည် ၂၀၁၅ခုနှစ်၊ ဧပြီလ ၁၄ ရက်မှ ၁၆ရက်အထိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပုဒ်မ ၁၇(၁)ဖြင့် စွဲဆိုခံရခြင်းသည် ၂၀၁၃ခုနှစ်က KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် ချီတက်ရာတွင် ပါဝင်ခဲ့သည်ကို မတရားအသင်းဖြင့် ဆက်သွယ်သည်ဟုဆိုကာ စွဲဆိုခံရခြင်းဖြစ်သည်ဟု ကိုဇော်ဇော်လတ်ကဆိုသည်။

"ကျွန်တော်တို့ကို အမြင်ကတ်ပုဒ်မနဲ့ဖမ်းတာပါ။ ကျွန်တော်အမှုရင်ဆိုင်ရင်းနဲ့ ထောင်ထဲနေနေရတာ ၇ လကျော်သွားပြီ။ အကြောင်းအမျိုးမျိုးပြပြီး တစ်ကြိမ်ပြီးတစ်ကြိမ် ချိန်းနေခဲ့တာပါ။ ဒီနေ့ ၁၃(၁)ကို အမိန့်ချမယ်ဆိုပြီး မချဘဲ နောက်တစ်ကြိမ်ချိန်းပါတယ်။ ဒါတွေကိုကြည့်တာနဲ့တင် တရားဥပဒေဟာ သူတို့လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။" ကိုဇော်ဇော်လတ်ကပြောသည်။

ဆက်လက်၍ ကိုဇော်ဇော်လတ်မှ"ဦးအောင်မင်းကိုယ်တိုင် ၁၇(၁)နဲ့ဖမ်းတာမရှိဘူးလို့ပြောတယ်။ အခုကျွန်တော်တို့ အဖမ်းခံနေရတယ်။"ဟု ပြောသည်။

မပွင့်ဖြူလတ်ကလည်း "ကျွန်မတို့မကြောက်ပါဘူး။ ဒါကမတရားမှုပါ။ ရင်ဆိုင်သွားမှာပါ။"ဟုပြောသည်။

No comments: