Friday, February 19, 2016

ဧရာဝတီတိုင်းအတွင်း ကျောင်းဆရာလိုအပ်ချက် ၈၀၀၀ ကျော်ရှိပြီး မူလတန်းပြ လိုအပ်ချက် အမြင့်ဆုံးဖြစ်

စည်သူမောင်မောင်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းဆရာ လိုအပ်ချက်မှာ ၈၀၀၀ ကျော်ရှိပြီး၊ မူလတန်းပြဆရာ ၆၀၀၀ကျော် လိုအပ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက မဇ္ဈိမသို့ပြောသည်။

"ဆရာမ လိုအပ်ချက်နှစ်တိုင်းရှိတယ်။ ဒါပေမယ့် ဘတ်ဂျက်က ပြည်ထောင်စုဘတ်ဂျက်ဖြစ်တယ်။ တိုင်းအစိုးရအဖွဲ့ရဲ့ ဘက်ဂျက်မဟုတ်လို့ လျာထားလို့မရဘူ။ ပြည်ထောင်စုကခန့်မှ ရတယ်။ ကျောင်းတွေ မှာလစ်လပ်ဆရာ အရေအတွက်ကိုတင်ပြ တောင်းဆိုပါတယ်" ဟု ဒေါ်ခင်စောမူက မဇ္ဈိမသို့ပြောသည်။ ပုသိမ်ပညာရေးကောလိပ်မှ ယခုရက်ပိုင်းအတွင်း ဆရာ၊ ဆရာမ ၁၉၇၇ဦး ကျောင်းဆင်းရန် ရှိနေပြီး ထိုဆရာ၊ ဆရာမများကို မူလတန်းပြ ခန့်အပ်သွားမည်ဟုလည်း လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက ပြော သည်။

 ဧရာဝတီတိုင်းအတွင်း ဆရာ၊ ဆရာမ လိုအပ်ချက် ရှိလာခြင်းမှာ "အငြိမ်းစားသွားတာတွေ၊ ပြောင်းရွေ့သွားတာတွေ၊ ကျောင်းတွေ အဆင့်တိုးသွားလို့ ဆရာလိုအပ်ချက်တွေ ဖြစ်သွားတာပါ၊ ပညာရေးကောလိပ်မှာ ကျောင်းအိပ်ကျောင်းစား တက်တာကော အခုဆို နေ့ကျောင်းတက်နိုင်အောင်လုပ်ထားပေးတယ်"ဟု ဒေါ်ခင်စောမူက မဇ္ဈိမသို့ပြောသည်။

"ကျောင်းအဆင့်တိုးနဲ့ ဆရာ မွေးထုတ်ပေးနိုင်တာကို ထိန်းညှိရင် ဆရာဆရာမ လိုအပ်ချက်ကျဉ်းသွားနိုင်မယ်။ ကျောင်းအဆင့်တိုးပေးသင့်တဲ့ ကျောင်းတွေတော့ တိုးပေးရမှာပေါ့။ အရင်က ကျေးရွာတွေက ကျောင်းအဆင့်တိုးရင် ဆရာတွေ နေထိုင်ရေးကို ကျေးရွာတွေက တာဝန်ယူရတယ်။ အခုကျ အစိုးရတာဝန်ယူပေးရတယ်"ဟု ၎င်းက ပြောသည်။ "ရင်နှစ်တွေဆို ကျောင်းအဆင့်တိုးတာ ၆၀၀ကျော် ၇၀၀ကျော်ရှိတယ်။ ဒီနှစ်မှာ ၂၀၀ ကျော်လောက် တိုးတယ်"ဟုလည်း ဆက်ပြောသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းအုပ် အပါအဝင် ၈၅၄၈ဦး လိုအပ်နေပြီး မူလတန်းပြ ဆရာလိုအပ်ချက်အများဆုံးဖြစ်ကာ ၆၄၄၁ ဦး လိုအပ်နေသည်။

No comments:

Post a Comment