Friday, February 19, 2016

ရန်ကုန်တိုင်းအတွက် ဘတ်ဂျက်ကို ရငွေ၊ သုံးငွေ အပိုအလိုမရှိရေးဆွဲထားဟု တိုင်းဘဏ္ဍာရေးဝန်ကြီးပြော

မျိုးသူအောင်

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်ငွေကို ရငွေနှင့် သုံးငွေအပိုအလိုမရှိ ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၁၅ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ဒုတိယမြောက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအဆင့် ဌာန၊ အဖွဲ့အစည်းများ ရရှိနိုင်မည့် အခွန်ရငွေ၊ သာမန်ရငွေ၊ ပြည်ပအကူအညီရငွေ၊ ငွေလုံးငွေ ရင်းရငွေ၊ ကြွေးမြီရငွေနှင့် ပြည်ထောင်စု မှရရှိမည့် ဘဏ္ဍာငွေများအား အခြေခံ၍ အသုံးစာရိတ်များအား ဦးစားပေးသတ်မှတ်၍ ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း စုစုပေါင်းရငွေမှာ (၃၃၆ ဒသမ ၂၁၁၅၇) ဘီလီယံဖြစ်ပြီး သုံးငွေမှာ ၃၃၆ ဒသမ ၂၁၁၅၇ ဘီလီယံဖြစ်ပါ၍ ပိုငွေလိုငွေမရှိရေး ဆွဲထားသော ဘတ်ဂျက်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဖေဖော်ဝါရီ ၁၅ရက်က လွှတ်တော် အစည်းအဝေး၌ ပြောသည်။

ထို့ပြင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ ယခင်နှစ်များနှင့်မတူဘဲ ပြည်ထောင်စုမှ မည်မျှ ထောက်ပံ့မည်ကို ကြိုတင်တောင်းထားခဲ့ပါသဖြင့် ထောက်ပံ့ငွေမည်မျှရရှိမည်ကို ကြိုတင်သိရှိပြီးဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေမှ အကြောင်းအရာ သုံးမျိုးဖြင့် ထောက်ပံ့ငွေရရှိခဲ့ပြီး တိုင်းဒေသကြီး၏ လိုငွေအား ထောက်ပံ့မည့်ငွေမှာ ၄၀ ဒသမ ၈၅၈ ဘီလီယံ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် လွှတ်တော် ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ၄ ဒသမ ၅ ဘီလီယံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွင်းကုန်တင်သွင်းမှုအတွက် ကောက်ခံရရှိသည့် အခွန်ငွေ မှအပ ကောက်ခံရှိမည့် လျာထားချက်ငွေ၏ ၁၅ ရာခိုင်နှုန်းနှင့် ညီမျှသော ၃၇ ဒသမ ၉၇၆၃၂၇ ဘီလီယံ စုစုပေါင်းရငွေမှာ ၈၃ ဒသမ ၃၃၄၃၂၇ ဘီလီယံ ဖြစ်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

"တိုင်းဒေသကြီး အစိုးရဆီကနေ ကျွန်မတို့ ဘတ်ဂျက်ငွေကို တောင်းကြည့်ရမယ်။ တောင်းကြည့်ပြီးတော့မှ သူတို့ ဘတ်ဂျက်ငွေကို ဘယ်လိုသုံးထားလဲ၊ ပေးထားတဲ့ ဘတ်ဂျက်တွေအပေါ်မှာ ဘယ်လိုသုံး ဖို့စီစဉ်ထားလဲဆိုတာ ကျွန်မတို့ ဘာမှ မဆွေးနွေးရသေးဘူး။ အမှန်အတိုင်းပြောရရင် အဓိပ္ပါယ် မရှိဘူး ရှိတယ်ဆိုတာ ကျွန်မတို့ မလေ့လာရသေးဘူး" ဟု ဆိတ်ကြီးခနောင်တိုမြို့နယ် မဆြန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယမြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်း (၂)ခုအား လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ အကြိမ်လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆုံးဖြတ်ခဲ့သည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အစည်းဝေး တတိယမြောက်နေ့ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြန်လည်ကျင်းပသွားမည် ဖြစ်သည်။

No comments: