Monday, February 22, 2016

မင်းကန်ကျေးရွာ အထက်တန်းကျောင်း မီးလောင်ကာ လေးတန်း၊ ရှစ်တန်း အဖြေလွှာအချို့ ပျက်ဆီး

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ကျေးရွာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၃နာရီ ၄၀ မိနစ်က စတင်မီးလောင်ရာ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပေ ၁၂၀၊ ၃၀ ပေရှိ ၁၀ ခန်းတွဲ အဆောက်အဦ မီးလောင်ဆုံးရှုံးခဲ့သည်။ ထိုသို့မီးလောင်ခြင်းကြောင့် လေးတန်းနှင့် ရှစ်တန်း စာမေးပွဲ အဖြေလွှာအချို့ ပါသွားသည်ဟု ကျောင်းအုပ်ဆရာမကြီးကဆိုသည်။

"အခုမှရှင်းလင်းတုန်းပဲရှိသေးတယ်။ ဝါယာရှော့ဖြစ်တာပါ။ ကလေးတွေဆက်ပြီး စာမေးပွဲဖြေဖို့အတွက် စီစဉ်နေပါတယ်။ မီးထဲပါသွားတဲ့မေးခွန်တွေနဲ့အဖြေလွှာအတွက် ဘာလုပ်ရမယ်ဆိုတာကိုတော့ အဆင့်ဆင့်တင်ပြရဦးမှာပါ။"ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

 အဆိုပါကျောင်းတွင် သူငယ်တန်းမှဆယ်တန်းအထိ ကျောင်းသူ၊ကျောင်းသားပေါင်း ၆၂၈ ဦးရှိပြီး ယခုစာမေးပွဲဖြေနေသော ကျောင်းသူကျောင်းသားများမှာ စတုတ္ထတန်းမှ ၁၇၀ဦးနှင့် အဋ္ဌမတန်းမှ ၈၄ ဦးရှိကာ ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်၍ ဖြေဆိုနေခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်ပြီး မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်က "ဘာကစလောင်တယ်ဆိုတာ မသိရသေးပါဘူး။အကြားနဲ့တင်ရမ်းပြောလို့မရပါဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်း ၃ရာကျော်မယ်။ အတိအကျတော့မသိသေးဘူး။" ဟု ပြောသည်။ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှလည်း လက်ရှိအနေအထားတွင် ကျောင်းသူကျောင်းသားများ ဆက်လက်စာမေးပွဲဖြေဆိုနိုင်ရန် အထက်သို့တင်ပြထားပြီး မြို့နယ်ပညာရေးမှူးနှင့် ညှိနှိုင်းနေသည်ဟုလည်းဆိုသည်။

No comments:

Post a Comment