Monday, February 22, 2016

နောက်ဆုံးအချိန်ထိ ပြည်သူတွေကို ဝေဒနာ ပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရပါလား

မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်မှာနေတဲ့ ကိုအေးနိုင် ရေးပို့ လိုက်တဲ့ မေးလ်တစ်စောင် မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရောက်လာပါတယ်။ စာထဲမှာ ရေးထားတာက တော့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံဆောင်ရွက်နေတဲ့ ခုံးကျော်တံတားများနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတစ်ဦးရဲ့ အမြင်ကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ စာရေး ပေးပို့ခဲ့သူဟာ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လွန်တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပြီး စာဖတ်ဝါသနာပါတာကြောင့် နေ့စဉ် သတင်းစာဖတ်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

 မနေ့က သူဖတ်လိုက်ရတဲံ သတင်းစာတစ်စောင်မှာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်းနဲ့ ပါရမီလမ်းဆုံ၊ မြောက်ဥက္ကလာပ အဝိုင်းလမ်းဆုံတို့မှာ ခုံးကျော်တံတား နှစ်စင်း ထပ်မံဆောက်လုပ်ဖို့ ၃၂ ဒသမ ၂ ဘီလျံ လျာထားကြောင်း တင်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင် ရာ ဥပဒေကြမ်းကို အစိုးရအဖွဲ့ရဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က လွှတ်တော်ကို ရှင်းလင်း တင်ပြခဲ့တာပါလို့ ဆိုပါတယ်။ သူတင်ပြတာက ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းတာကို ဖြေရှင်းဖို့အတွက် တံတားနှစ် စင်း ထပ်မံ တည်ဆောက်ဖို့ လျာထားတယ်လို့ ဖတ်လိုက်ရတော့ သူ့အနေနဲ့ အတော်ကို အံ့သြမိတယ် လို့ ပြောပါတယ်။ ဒီလို ခုံးကျော်တံတားတွေ ဆောက်နေတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲခြင်း ဒုက္ခ၊ လူဆင်းရဲခြင်း ဒုက္ခနဲ့ အချိန်ဆင်းရဲခြင်း ဒုက္ခတွေ ခံစားနေကြရ တာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ မသိတာလား၊ သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး လုပ်နေတာလား ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်လို့ ရေးပါတယ်။

အရင်ဆောက်ခဲ့တဲ့ ခုံးကျော်တံတားတွေကြောင့် ယာဉ်ကျပ်တည်းမှု လျော့နည်းသွားမသွားကို အစိုးရအဖွဲ့ဝင်တွေ အဲ့ဒီတံ တားတွေနားမှာ တစ်ရက်လောက် အချိန်ယူပြီး စောင့်ကြည့်နိုင်ခဲ့မယ်ဆိုရင် သိမှာပါ။ တကယ်တော့ အောင်မြင်မှု မရခဲ့ဘူးဆိုတာ သိရက်နဲ့ နောက်ထပ် တည်ဆောက်ဖို့ စီစဉ်တာကတော့ ပြည်သူတွေအ ပေါ် တကယ့်စေတနာ ရှိ၊ မရှိက သိသာတယ်လို့ ပြောပါတယ်။ အခု လက်ရှိအစိုးရရဲ့ သက်တမ်းကလည်း တစ်လကျော်ပဲ ကျန်တော့တာကို ဘာမှနောက်ထပ် ထပ်လျာထားနေစရာ မလိုပါဘူး။ တက်လာမယ့် အစိုးရသစ်က ဘဏ္ဍာရေးနဲ့ ပြည်သူတွေ အခက်အခဲ ကို ချင့်ချိန်ပြီး သူတို့ စီမံဖို့တောင် မထားခဲ့ဘဲ နောက်ဆုံးအချိန်အထိ ပြည်သူတွေကို ထည့်မတွက်ဘဲ စီမံခဲ့စရာ မလိုဘူးလို့ ထင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုရဲ့ အဖြေက ရှင်းရှင်းလေးပါ။

ကားတွေကို အလွန်အကျွံ စီမံကိန်းနဲ့မဟုတ်ဘဲ တင်သွင်းခွင့် ပြုခဲ့တာနဲ့ နိုင်ငံခြားတွေမှာလို နှစ်ထပ်လမ်းတွေ တစ်ခါတည်း မဆောက်ခဲ့တာကြောင့်လို့ မြို့ပြရေးရာ ကျွမ်းကျင်သူတွေ သုံးသပ်တာကို ဖတ်ရ ကြားရ ပါတယ်။ အရေးပါတဲ့ နေရာတွေမှာ ယာဉ်ကြောကျပ်တည်းမှု သက်သာအောင် နှစ်ထပ်လမ်းတွေ ထပ်ဆောက်ရမယ်ဆိုရင် ပြည်သူတွေမှာ စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေ နောက်ထပ်တစ်ခါ ထပ်ပြီး ခံစားကြရအုန်းမှာကို ဘာကြောင့် ကြိုမတွေးခဲ့ကြတာလဲလို့ မေးချင်ပါတယ်လို့ ဆိုပါတယ်။ နောက်ဆုံး မတော့ ပြည်သူတွေက သူတို့ကိုယ်စား စီမံဆောင်ရွက်ဖို့ ခန့်ထားလိုက်၊ မဲပေးလိုက်ကြတဲ့ ကိုယ်စာ လှယ်တွေဟာ သူတို့အတွက် လူမှုဒုက္ခတွေ သက်သာအောင် လုပ်မပေးခဲ့ကြဘဲ သူတို့ကို ဝေဒနာတွေ သာ ထပ်မံ ချန်ခဲ့ကြတာကို တွေးမိကြတိုင်း မေတ္တာပို့နေကြမှာ ဖြစ်တယ်လို့ ရေးလာတဲ့စာကို ဖော်ပြ လိုက်ရပါတယ်။

No comments:

Post a Comment