Monday, February 22, 2016

အချိန်နှင့်တပြေးညီ အကူအညီပေးမည့် M.A.N ကွန်ရက်

ဇူးဇူး


မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ကျန်းမာရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး အရေးပေါ်လူနာတင်ယာဉ် လိုအပ်ပါက အချိန်နှင့်တပြေးညီ နေရာဒေသမရွေး ကူညီဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ M.A.N ဟူသည့် ပရဟိတ ကွန်ရက်တခု ပေါ်ထွက်လာသည်။

M.A.N (Myanmar Ambulance Network) ဟု ခေါ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ် လူနာတင်ယာဉ်များ ကွန်ရက်ကို ၂၀၁၅ ခုနှစ် မေလ ၁၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကိစ္စများကို လွယ်ကူလျင်မြန်စွာ နားရက်မရှိ ၂၄ နာရီ အခမဲ့ ကူညီဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ပြီး တနိုင်ငံလုံးရှိ လူမှု အဖွဲ့အစည်းပေါင်း ၅၀၀ ၀န်းကျင်အား ကွန်ရက်ပုံစံ ချိတ်ဆက်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု M.A.N အဖွဲ့၏ နာယက ဆရာတော်တပါးဖြစ်သူ ဆရာတော် အရှင်သဒ္ဓမ္မ(မောင်းတီး ဆရာတော်)က မိန့်ကြားသည်။

“Network ပုံစံမျိုး ချိတ်ဆက်ပြီးတော့ အပြန်အလှန် ပူးပေါင်းကူညီ ဆောင်ရွက်တယ်။ လူနာတင်ယာဉ် လုပ်ငန်းကို ဦးပဉ္စင်းတို့ကိုယ်တိုင်လည်း ဆောင်ရွက်တယ်။ တခြားအဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့ အကူအညီကိုလည်း ပေးတယ်။ ဦးပဉ္စင်းတို့ အကူအညီ လိုအပ်ရင်လည်း တခြားအဖွဲ့အစည်းတွေကို အကူအညီတောင်းတယ်”ဟုလည်း မောင်းတီးဆရာတော် က မိန့်သည်။

M.A.N အနေဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး အကူအညီပေးသည့်အပြင် အရေးပေါ် အခြေအနေတွင် နည်းစနစ်တကျ ကူညီ ကယ် ဆယ် နိုင်ရေး၊ ဖြစ်ပေါ်လာသော အခြေအနေအား အသင်းအဖွဲ့အလိုက် အချင်းချင်းချိတ်ဆက်၍ အဖြစ်မှန်အတိုင်း ရှင်းလင်း အသိ ပေးပြီး ပူးပေါင်းဆောင်ရွက်ရေး ဟူသည့် ရည်ရွယ်ချက်များဖြင့် ချမှတ်ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

အသင်း ရေရှည်ရပ်တည်နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ တ၀န်းလုံး နေရာလပ်မကျန် ကြီးမားကျယ်ပြန့်သော ကွန်ရက်တခု ဖြစ် ပေါ် လာရေး၊ အရပ်ဘက် ပရဟိတ အဖွဲ့နှင့် လူမှုရေး အဖွဲ့အစည်း ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လုပ်ဆောင် သွားမည်ဟု သိရသည်။

M.A.N သည် အသင်းအဖွဲ့ပေါင်းများစွာကို ချိတ်ဆက်ထားခြင်း ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အရေးပေါ် လူနာတင်ယာဉ် အစီးရေစုစုပေါင်း မည်မျှရှိသည်ကို စာရင်းများ ကောက်ယူလျက်ရှိသဖြင့် အရေအတွက် အတိအကျ မပြောနိုင်သေးကြောင်း မောင်း တီး ဆရာတော်က မိန့်သည်။

M.A.N လက်ခွဲအဖြစ် ကူညီဆောင်ရွက်နေသည့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် လတ်တလော အရေးပေါ် လူနာတင်ယာဉ် တစီးရှိပြီး ထပ်မံ တိုးချဲ့သွားရန်ရှိကြောင်း၊ တနေ့လျှင် မြို့တွင်းလူနာဆိုပါက ၂ ခေါက်မှ ၄ ခေါက်၊ မြို့ပြင်လူနာဆိုလျှင် ခရီးဝေးသည့် အတွက် ၁ ခေါက်သာ ပို့ဆောင်ပေးနေကြောင်း M.A.N ကမာရွတ်မြို့နယ်မှ ကိုသူ က ပြောသည်။

“အစီးရေ ထပ်မံတိုးပြီး လုပ်သွားဖို့ အစီအစဉ်ရှိတယ်။ သိပ်တော့အားရမှု မရှိသေးဘူး။ အစီးရေနည်းတဲ့အတွက် တယောက်ကို သွားပို့နေတုန်း နောက်တယောက် ရောက်လာရင် ကူညီဖို့အတွက် အင်အား မလုံလောက်ဘူး”ဟုလည်း ကိုသူက ဆက်ပြောသည်။

M.A.N ကွန်ရက် စတင်ဖွဲ့စည်းသည့် အချိန်ကစပြီး ယနေ့အချိန်အထိ အလုပ်ရုံ ဆွေးနွေးပွဲ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၄ လတကြိမ် ပုံမှန်ပြုလုပ်သွားရန် စီစဉ်ထားကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ကွန်ရက်၏ မူဝါဒပိုင်းဆိုင်ရာ၊ စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာများကို လိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ကာ ပိုမိုဖွံ့ဖြိုးတိုးတက်သည့်ကွန်ရက် ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားမည်ဟု ကွန်ရက် အဖွဲ့ဝင်များက ပြောဆိုသည်။

စည်းစနစ်ကျသည့် အရပ်ဘက်အဖွဲ့အစည်းတခု ဖြစ်ရေးအတွက် M.A.N က ချမှတ်ထားသည့် စည်းကမ်းချက်များကို ကွန်ရက်အဖွဲ့ဝင်တိုင်း လိုက်နာကြရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက M.A.N အနေဖြင့် မည်သို့မှ ကူညီဆောင်ရွက်ပေးမည် မဟုတ်ဟု အဖွဲ့ဝင်တိုင်းကို အသိပေးထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကွန်ရက်၏ရန်ပုံငွေကို အသင်းတသင်းစီ၏ ရန်ပုံငွေများဖြင့် လည်ပတ်လျက်ရှိပြီး တခါတရံတွင် M.A.N က ပို့ဆောင်ပေးသည့် လူနာများက လှူသောအလှူငွေများလည်းရှိကြောင်း၊ ၀ံသာနု ရက္ခိတ စနေလူငယ်များအသင်း၊ ကြယ်စင်မေတ္တာ ပရဟိတအသင်း၊ သွေးမေတ္တာ ပရဟိတအသင်း၊ အဖြူရောင်သုခအလင်း တို့ကဲ့သို့သော အမာခံ ပရဟိတအဖွဲ့များ၏ စုဆောင်းထားသော ရန်ပုံငွေများကိုလည်း အသုံးပြုသည်ဟု မောင်းတီးဆရာတော်က မိန့်သည်။

M.A.N အနေဖြင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး စသည့် အဆင့်အလိုက် တရားဝင် အဖွဲ့အစည်းအနေဖြင့် ရပ်တည်နိုင်ရေးအတွက် အသင်းမှတ်ပုံတင်ရန် လုပ်ဆောင်နေကြောင်း၊ M.A.N အနေဖြင့် လွတ်လပ်၊ သန့်ရှင်း၊ မျှတသော အရပ်ဘက် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေးဆိုသည့် မူဝါဒများကို ချမှတ်ထားကြောင်းလည်း မောင်းတီးဆရာတော်က မိန့်ဆိုသည်။

M.A.N ကွန်ရက်တွင် ကြီးမားသည့် အခက်အခဲ မရှိသော်လည်း အရေးပေါ်လူနာတင်ယာဉ်အတွက် အသုံးပြုသည့် အပိုင်းတွင် အခက် အခဲ ရှိနေသည်ဟု ကွန်ရက်အဖွဲ့ဝင်များက ပြောသည်။

“နယ်မှာရှိတဲ့ အသင်းတွေက ပိုပြီးအခက်အခဲလေးတွေ ရှိတယ်။ လက်ရှိမှာ လူနာတင်ယာဉ်ကားတွေက HSE လိုင်စင် ထုတ်ပေး ထားတဲ့ ကားတွေကို လူနာတင်ယာဉ်ကားအဖြစ် ပြောင်းပြီးမှ သုံးရတယ်။ အဲဒီအခါမှာ ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ကတောက်ကဆ လေးတွေ ဖြစ်ရတယ်။ စေတနာနဲ့ ဆောင်ရွက်ကြပေမယ့် နယ်ကျော်ပြီးတော့ မောင်းနှင်တဲ့အခါမှာ အခက်အခဲကြုံရတာတွေ ရှိတယ်”ဟု ကွန်ရက် အဖွဲ့ဝင်တဦးက ပြောပြသည်။

ရန်ပုံငွေချို့တဲ့သည့် ပရဟိတအသင်းများသည် နာရေးအတွက် အသုံးပြုရန် ချထားပေးသော HSE ယာဉ်များအား Ambulance တံဆိပ်တပ်ကာ မိမိကျေးရွာ မိမိဒေသနှင့် နီးစပ်ရာဒေသများရှိ မြွေကိုက်ခံရသည့် လူနာများ၊ မီးမဖွားနိုင်သော ကိုယ်ဝန်ဆောင်များ ထိခိုက် ဒဏ်ရာရသူများ၊ ကား ဆိုင်ကယ် မတော်တဆ ဖြစ်ပွား၍ ထိခိုက် ဒဏ်ရာရသူများကို နီးစပ်ရာ ပြည်သူ့ဆေးရုံများသို့ အခမဲ့ပို့ဆောင် ကူညီ ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။

HSE လိုင်စင်သည် နိဗ္ဗာန်ယာဉ်ဖြစ်သော်လည်း နာရေးကိစ္စ အသုံးမပြုရသေးသော HSE ယာဉ်ကိုသာ Ambulance တံဆိပ်တပ်ကာ လူနာတင်နေခြင်း ဖြစ်သောကြောင့် HSE လိုင်စင်ကားများအား Ambulance တံဆိပ်တပ်၍ လူနာတင်ယာဉ်အဖြစ် အသုံးပြုနေရခြင်း ကို အရေးယူခြင်း မပြုရန် M.A.N က တောင်းဆိုထားကြောင်း သိရသည်။

M.A.N ကွန်ရက်နှင့် ပတ်သက်ပြီး လိုအပ်ချက်များကို အကြံဉာဏ် ပေးလိုပါက မည်သည့်ပရဟိတ အသင်းအဖွဲ့မဆို၊ မည်သည့် သတင်း မီဒီယာ ဌာနများကမဆို ဆက်သွယ်ပြောကြား အကြံပြုနိုင်ကြောင်းနှင့် M.A.N အနေဖြင့် အကူအညီပေးနိုင်မည့် အရာများကိုလည်း အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းနိုင်ပါကြောင်း မောင်းတီးဆရာတော်က မိန့်ကြားသည်။

M.A.N ကွန်ရက်သည် ကျန်းမာရေး စောင့်ရှောက်မှုသာမက ပညာရေး၊ ကလေးသူငယ်အရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ စစ်ဘေး၊ ရေဘေး၊ မီးဘေးသင့် ပြည်သူများကို အကူအညီ ပေးနိုင်ရေးအတွက် တိုးချဲ့လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း မောင်း တီး ဆရာတော်က ဆက်မိန့်ကြားသည်။

၂၄ နာရီလုံး အချိန်နှင့်တပြေးညီ အကူအညီပေးမည့် M.A.N ကွန်ရက်အား အရေးပေါ်အကူအညီများ တောင်းခံလိုပါက ဖုန်း – ၀၉ ၅၄၀ ၁၆၇၇၊ ၀၉ ၄၅၁ ၀၁၄ ၈၈၄၊ ၀၉ ၇၈၂ ၆၁၅ ၄၂၅ သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်းလည်း သတင်းကောင်း ပါးလိုက် ပါသည်။

No comments:

Post a Comment