Thursday, April 21, 2016

ရခိုင်ပြည်နယ်အတွင်းစက်လှေမှောက်မှု စိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်ထုတ်ပြန်

မျိုးသူအောင်

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်​မကင်းဖြစ်​​ကြောင်း အမေရိကန်သံရုံးက ဧပြီ ၂၀ရက်​​နေ့ ည​နေပိုင်းတွင်​ အ​မေရိကန်​သံရုံးက ထုတ်​ပြန်​လိုက်​​သည်​။

အဆိုပါ ထုတ်​ပြန်​ချက်​တွင်​ ဧပြီ ၁၉ ရက်က စစ်တွေမြို့နယ်၊ သဲချောင်းအနီး စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး လူအများအပြား​သေဆုံးခဲ့ရမှုနှင့်​ပတ်​သက်​၍ လည်း စိတ်မကောင်းဖြစ်ရ​ကြောင်း ​ဖော်​ပြထားသည်​။

ယင်းထုတ်​ပြန်​ချက်​တွင်​ "ဒေသခံသတင်းများအရ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများမှဟု သိရှိရသော အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်ပြည်သူများ ကိုယ်စားမိမိတို့ ပြောကြားလိုပါသည်" ဟု ထည့်​သွင်း​ရေးသားထားသည်​။

ရခိုင်ပြည်နယ်အတွင်း ဈေးများသို့သွားရောက်ခြင်း၊ နိစ္စဓူဝဘဝ နှင့် အခြေခံကျသောဆောင်ရွက်မှုများကို ကန့်သတ်ထားခြင်းသည် လူမှုအသိုက်အဝန်းများအတွင်း လူနေမှုဘဝ အရည်အသွေးများတိုးတက်မြင့်မားရေးအတွက် ရုန်းကန်လှုပ်ရှားရာတွင် မလိုလားအပ်သော အန္ထရာယ်များ ဖြစ်စေသည်​ဟု သံရုံးထုတ်​ပြန်​ချက်​ကဆိုသည်​။

ထို့ပြင် မြန်မာ့တပ်မတော်တပ်ဖွဲ့များနှင့် ရခိုင်တပ်မတော်အကြား မြင့်တက်လာနေသော တိုက်ပွဲများကြောင့် အရပ်သားများ မတရားသဖြင့်ပြုကျင့်ခံရပြီး အသက်ဆုံးရှုံးမှုများ ကြုံတွေ့ရသည်ဟူသော စွပ်စွဲတင်ပြချက်များနှင့် ပတ်သက်၍လည်း မိမိတို့စိုးရိမ်မကင်း ဖြစ်​ရ​ကြောင်းလည်း သိရသည်​။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအားလုံးအတွက် အခြေအနေအရပ်ရပ် တိုးတက် ကောင်းမွန်စေရန်နှင့် အချင်းချင်း ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအေးချမ်းရေးတို့ တိုးမြှင့်ရန်အတွက် မြန်မာအစိုးရ၊ နိုင်ငံတကာအသိုက်အဝန်း၊ မြန်မာနိုင်ငံသားများနှင့်အတူ မိမိတို့ အနီးကပ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်​ကြောင်း အ​မေရိကန်​ သံရုံးက ထုတ်​ပြန်​​ကြေညာခဲ့ခြင်းဖြစ်​သည်​။

No comments:

Post a Comment