Saturday, April 23, 2016

ဝန်ကြီးဌာနများဖွဲ့စည်းပုံ ဆောလျင်စွာဖွဲ့စည်းရန်စီစဉ်

မျိုးသူအောင်

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အသစ်ပြင် ဆင်ဖွဲ့စည်းလိုက်သည့် ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆောလျင်စွာဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ အစိုးရသစ်အဖွဲ့ ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲရေးညှိနှိုင်း အစည်းအဝေးကို တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရာတွင်လည်း ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များနှင့် ကိုက်ညီရန် လိုအပ် မည် ဖြစ်ပြီး ၀န်ကြီးဌာနများ ဖွဲ့စည်းမှုကို ယခင်က တစ်လ၊ နှစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်း ထားသော်လည်း ဆောလျင်စွာ ဖွဲ့စည်းနိုင်မည်ဟု ယူဆကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အစည်းဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ တိုင်း ရင်း သားရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ၀န်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် နိုင်ငံတော်သမ္မတရုံး ဖွဲ့စည်းပုံ ပြင်ဆင်ရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ပြီး ၀န်ကြီးဌာနများ ဖွဲ့စည်းပုံအသစ်ပြင်ဆင်ရေး ဆွဲ မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းတင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်က စာရင်းစစ်ချုပ်ရုံး ၏ သဘောထား မှတ်ချက်ကို ဆွေးနွေးတင်ပြခဲ့ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲခြင်းအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ကူညီ ဆောင်ရွက်ပေးကြသည့် အတွက် ကျေးဇူး တင်ကြောင်းနှင့် ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့် အစီအစဉ်များကို သီးခြားအစည်းအဝေးများတွင် တင်ပြ ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment