Thursday, April 21, 2016

TNLA လှုပ်ရှားနယ်မြေက တပ်မတော် တပ်မ ၄ ခု ဌာနချုပ် ပြန်ပို့

ကျော်ခ


ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) လှုပ်ရှားနယ်မြေများအတွင်းရှိ တပ်မတော် တပ်မ ၅ ခုအနက် တပ်မ ၄ ခုကို နောက်တန်း ဌာနချုပ် စခန်းများဆီသို့ ပြန်ပို့လိုက်ကြောင်း PSLF/TNLA က ပြောသည်။

PSLF/TNLA လှုပ်ရှားနယ်မြေအတွင်း အင်အားတိုးချဲ့ကာ နှစ်ချီပြီး ထိုးစစ်ဆင်ခဲ့သော တပ်မများကို အစိုးရသစ်လက်ထက်တွင် ပြန်ပို့လိုက်သည့်အတွက် ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးများလျော့ကျစေပြီး ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်အဖြစ် ရှုမြင်ကြောင်း PSLF/TNLA ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဗိုလ်မှူး တာပန်လ က ပြောဆိုသည်။

ဗိုလ်မှူး တာပန်လ က“ကျနော်တို့ဘက်က ဒါကို အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင် နေတာမျိုးလို့ ကျနော်တို့ထင်ရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

PSLF/TNLA လှုပ်ရှား နယ်မြေများအတွင်း ချထားသော တပ်မ ၅ ခုအနက် တပ်မ (၆၆)၊ (၇၇)၊ (၈၈) နှင့် (၉၉) တို့ကို သင်္ကြန် မတိုင်ခင် နှင့် သင်္ကြန်ကာလအတွင်း နောက်တန်း ဌာနချုပ် စခန်းများဆီသို့ ပြန်ပို့လိုက်ပြီး တပ်မ (၃၃) တခုတည်းသာ ကျန်ရှိတော့ ကြောင်း PSLF/TNLA က တရားဝင် ထုတ်ပြန်ထားသည်။

အဆိုပါ တပ်မများသည် ၂၀၁၃ ခုနှစ် ကစပြီး အင်အားတိုးချဲ့ ချထားခဲ့ခြင်း ဖြစ်ပြီး သင်္ကြန်မတိုင်ခင် ကာလအထိ ရာနှင့်ချီသော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ပွဲများကြောင့် ဒေသခံများလည်း အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယခုကဲ့သို့ ရွှေဖီချိန် လက်ဖက်ခူး ကာလတွင် တပ်မများ နောက်တန်းပြန်ပို့လိုက်၍ ဒေသခံများအတွက် များစွာအကျိုးဖြစ်ထွန်းစေပြီး တပ်မတော်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ဗိုလ်မှူး တာပန်လ က ပြောသည်။

“နှစ်ဘက်အကြား တိုက်ပွဲတွေ တစုံတရာ လျော့ကျသွားပြီလို့ ပြောလို့ရတယ်။ အထူးသဖြင့်ကတော့ အခုလို ဒီမိုကရေစီ နိုင်ငံ အကူး အပြောင်း ကာလမှာ တိုက်ပွဲမဖြစ်ပွားအောင် ကျနော်တို့ဘက်က ထိန်းတာမျိုးတွေရှိသလို အခုက ကျနော်တို့ ပလောင်(တအာင်း)တွေ ရဲ့ လက်ဖက်ခူးကာလ ဖြစ်တယ်။ ကောင်းကောင်း မွန်မွန် စားဝတ်နေရေး လုပ်ဆောင်နိုင်ဖို့နဲ့ လက်ဖက်ခူးနိုင်ဖို့အတွက် တိုက်ပွဲမဖြစ်အောင် ထိန်းနေရတဲ့ အပိုင်းမျိုးလည်း ရှိပါတယ်”ဟုလည်း ဗိုလ်မှူး တာပန်လ ကပြောဆိုသည်။

တပ်မတော်ဘက်က တပ်မများ နောက်တန်း ပြန်ပို့လိုက်သကဲ့သို့ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပြီးမှ ၎င်းတို့လှုပ်ရှားနယ်မြေအတွင်း အင်အား ထောင်နှင့်ချီ တိုးချဲ့လာသော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ တပ်များကိုလည်း နယ်မြေ တည်ငြိမ်ရေးအတွက် ပြန်လည် ရုပ်သိမ်းရန် လိုအပ်ကြောင်း PSLF/TNLA က ပြောသည်။

RCSS/SSA သည် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က NCA လက်မှတ် ရေးထိုးခဲ့ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် PSLF/TNLA နှင့် နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

PSLF/TNLA လှုပ်ရှားနယ်မြေက တပ်မတော် တပ်မများ နောက်တန်းပြန်ပို့လိုက်သဖြင့် နှစ်ဘက်အကြား တိုက်ပွဲများ လျော့ကျ သွားကြောင်း သိရသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ လှုပ်ရှားနယ်မြေများတွင်တော့ တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။

ထို့အပြင် နောက်တန်းပြန်ပို့လိုက်သော တပ်မတော် တပ်မများကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများထံ စစ်ဆင် ရေး အတွက် ပို့မည်ကိုလည်း စိုးရိမ်မှုတချို့ ရှိနေကြကြောင်းလည်း သိရသည်။

No comments: