Human Rights Watch
NLD ပါတီဦးဆောင်သည့် မြန်မာအစိုးရသစ်အနေဖြင့် ရေရှည်လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုများ စတင်ရန် ဖော်ဆောင်နိုင်မည့် စီမံကိန်းများ ထားရှိခြင်းဖြင့် လူအခွင့်အရေးကို ဦးစားပေးသင့်ကြောင်း သမ္မတဦးထင်ကျော်ထံသို့ ယနေ့ မေ ၅ ရက်တွင် ပေးပို့သည့် လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ စာတွင် တိုက်တွန်းထားသည်။
“NLD ဦးဆောင်သော အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား များစွာ ပြန်လွှတ်ပေးခြင်း၊ တက်ကြွလှုပ်ရှားသူရာပေါင်းများစွာအား ပြစ်မှုပြစ်ဒဏ်များ လျှော့ချပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ခက်ခဲသည့် ပြဿနာပေါင်းများစွာက ကျန်ရှိနေဆဲဖြစ်ကြောင်း၊ လူနည်းစုအခွင့်အရေး၊ မြေယာအငြင်းပွားမှုနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စသည့် ကိစ္စရပ်များတွင် ကိုင်တွယ်ဖြေရှင်းနိုင်ရေး ပြဿနာများ ကျန်ရှိနေသေးကြောင်း” လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာဥက္ကဌဖြစ်သူ Brad Adams က ပြောသည်။
NLD ပါတီသည် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နိုင်ရေးတွင် ခက်ခဲသည့် အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ အပြစ်အနာများ ပြည့်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံကဲ့သို့သော ပြဿနာများပင်ဖြစ်သည်။ ဖွဲ့စည်းပုံအရ စစ်တပ်အနေဖြင့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အစိုးရအား ဖျက်သိမ်းပိုင်ခွင့်များ ရှိထားသည်။ လွှတ်တော်တွင်လည်း ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည်။
“စစ်အုပ်ချုပ်မှုအောက် ရာစုဝက်ရှိခဲ့ရာက နေ့ချင်းညချင်း ပြောင်းလဲနိုင်မှာတော့ မဟုတ်ပါ။ ဒါပေမယ့် အစိုးရသစ်အနေနဲ့ ရေတိုအတွင်း မူဘောင်လမ်းညွန်ချက်များကို ချမှတ်နိုင်မှာပါ။ အများစုထောက်ခံမှု ဆန္ဒကို အားပြုပြီး မြန်မာတစ်နိုင်ငံလုံးက ပြည်သူအားလုံး၏ အခွင့်အရေးကို အလေးထားရန်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်သွားသင့်ပါတယ်။”ဟု Adams က ပြောခဲ့သည်။
No comments:
Post a Comment