Saturday, July 16, 2016

ရှမ်းပြည်နယ်တွင်း စစ်ပွဲများအမြန်ဆုံးရပ်တံ့ရေးတိုက်တွန်းရန် ပြည်နယ်လွှတ်တော် ဆုံးဖြတ်

နန်းမြနဒီ


ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအမြန်ဆုံးရပ်တံ့ရေး ရှမ်းပြည်နယ်အစိုးရအနေနဲ့ တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော် အစည်းအဝေးက ကန့်ကွက်သူ မရှိ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၄ ရက်တာ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ကျင်းပပြီး စီးသွားတဲ့ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တယ်လို့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် အမတ် စိုင်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီတခေါက် ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး အဆိုတင်သွင်းတာ ၃ ခုရှိတယ်။ အဲဒီအဆို ၃ ခုမှာ သီပေါ ကျားခေါင်းပါတီက နန်းစမ်းစမ်းအေး တင်သွင်းတဲ့ အဆိုက ကန့်ကွက်သူမရှိ အောင်သွားတယ်။ ရှမ်းပြည်နယ် အစိုးရက ရှမ်းပြည်နယ်တွင်းဖြစ်ပွားနေသော စစ်ပွဲများအမြန်ဆုံးရပ်တံ့ရေးနဲ့ စစ်ရေးတင်းမာမှု များ အနာဂတ်တွင် ဆက်လက်မဖြစ်ပွားရေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် တိုက်တွန်းခြင်း ဆိုတဲ့အဆို ဖြစ်ပါတယ်။”

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲနဲ့ ပတ်သက်တဲ့ အဆို ၃ ခုကို ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ နောက်ထပ် အရေးကြီးအဆို ၂ ခုကတော့ အကြောင်းအရာတွေ တူနေတာကြောင့် မှတ်တမ်း တင်ထားတယ်လို့ ဆိုပါတယ်။

မှတ်တမ်း တင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အရေးကြီး အဆိုတခုကတော့ ကျောက်မဲ ကျားခေါင်းပါတီ လွှတ်တော်အမတ် စိုင်းထွန်းဉာဏ်တင်သွင်းတဲ့ “၂၁ ရာစု ပင်လုံညီလာခံ မကျင်းပနိုင်သေးသော ယခုလိုကြားကာလတွင် လက်နက်ကိုင်ပဋိပက္ခ စစ်ပွဲများကို ရပ်တန့်သွားစေမည့် အစီအစဉ် တရပ်ကို အစိုးရအမြန်ဆုံး ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်လွှတ်တော်ကတဆင့် ရှမ်းပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း” အဆိုဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးအဆိုတခုကတော့ နမ့်ခမ်းမြို့နယ် ပလောင်အမျိုးသားပါတီ လွှတ်တော်အမတ် ဦးအေးမောင်တင်သွင်းတဲ့ “ လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်အချင်းချင်းပဋိပက္ခကြောင့် အပြစ်မဲ့ ပြည်သူများ အတိဒုက္ခရောက် ခြင်း၊ ဘ၀လုံခြုံမှု မရှိခြင်းနဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေခြင်းအပေါ် ရှမ်းပြည်နယ် လွှတ်တော်ကတဆင့် ရှမ်းပြည်နယ်အစိုးရကိုတိုက်တွန်းကြောင်း” အရေးကြီးအဆိုဖြစ်ပါတယ်။

No comments: