Tuesday, July 19, 2016

ပင်လုံတိုင်းရင်းသားလူငယ်ညီလာခံသို့ ရခိုင်ပြည်နယ်မှ လူငယ် ၃၀ ကျော်တက်ရောက်မည်

ကောင်းမြတ်နိုင်(မောင်တော)


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ နေ့ထိ ၅ ရက်ကြာ ကျင်းပ ပြုလုပ်မည့် ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်ပေါင်းစုံညီလာခံသို့ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် လူငယ် ၃၅ ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်ပေါင်းစုံညီလာခံဖြစ်မြောက်ရေးကော်မတီဝင် ရခိုင်လူငယ် တစ်ဦးဖြစ်သည့် ကိုဇော်ဇော်ထွန်းက “ရခိုင်ပြည်နယ်က လူငယ် ၃၅ ဦးလျာထားပါတယ်။ မျိုးနွယ်စုတွေထဲကတော့ အနည်းဆုံး ယောင်္ကျားလေးတစ်ဦး၊ မိန်းခလေးတစ်ဦးစီလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ရခိုင်လူငယ်တွေအနေနဲ့ကျွန်တော်တို့ဒေသမှာ ဖြစ်ပျက်နေတာတွေကို ဝိုင်ဝန်း ဆွေးနွေး သွားမှာပါဖြစ်ပါတယ်။အဓိကတော့ တိုင်းရင်းသားလူငယ်တွေစုပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ် အကြောင်းတွေကို ဆွေးနွေးအဖြေရှာသွားမှာပါ။”ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါညီလာခံသို့ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်( ချက္ကမ) စသည့် ရခိုင်မျိုးနွယ်စုဝင်များထဲမှ ၁၂ ဦးနှင့်ရခိုင်လူငယ် ၂၃ ဦး စုစုပေါင်း ၃၅ ဦး လျာထားကြောင်း သိရသည်။

“တစ်မြို့နယ်ချင်းစီကလူငယ်တွေကိုတော့ သူတို့မြို့နယ်ကပဲရွေးရမှာပါ။ ကျွန်တော်တို့မှာ ငွေကြေး အခက် အခဲကြောင့် အများကြီး မခေါ်နိုင်တာပါ။ NGO တွေက ကူညီပေးတဲ့ငွေနဲ့လုပ်တာပါ။ အစိုးရက ဦးဆောင် လုပ်ပေးတာမဟုတ်ပါဘူး။ လူငယ်တွေစိတ်ဓါတ်နဲ့စုပေါင်လုပ်ဆောင် အဖြေရှာဆွေးနွေးဖို့အတွက် NGO တွေက ကူညီပေတာပါ”ဟု သူက ဆက်ဆိုသည်။

ညီလာခံတက်ရန်အတွက်စစ်တွေမြို့နယ်(၂) ဦး၊ ပုဏ္ဏားကျွန်(၁) ဦး၊ ပေါက်တော(၁) ဦး၊ ရသေ့တောင် (၁) ဦး၊ ဘူးသီးတောင်(၁) ဦး၊ မောင်တော(၁) ဦး၊ ကျောက်တော်(၂) ဦး၊ မြောက်ဦး (၂) ဦး၊ မင်းပြား(၂) ဦး၊ မြေပုံ(၁) ဦး၊ ကျောက်ဖြူ(၂) ဦး၊ ရမ်းဗြဲ(၂) ဦး၊ မာန်အောင်(၁) ဦး၊ အမ်း(၁) ဦး၊ တောင်ကုတ်(၁) ဦး၊ သံတွဲ(၁) ဦး၊ ဂွ(၁) ဦးနှင့် မျိုးနွယ်စုတိက (၁၂)ဦး စုစုပေါင်း ၃၅ ဦးလျာထားကြောင်း သိရသည်။

အဆိုပါညီလာခံတက်ရောက်မည့်လူငယ်များသည် မိမိတို့လူမျိုးအလိုက် ရိုးရာဝတ်စုံကို မဖြစ်မနေ ယူဆောင်လာရမည်ဖြစ်ပြီး လူမျိုးကြီး ၈ မျိုးကိုအခြေခံကာပြုလုပ်ခြင်း ဖြစ်သဖြင့် နိုင်ငံသားဖြစ်ရုံဖြင့် တက်ရောက်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

မြို့နယ်ကိုယ်စားပြု လူငယ်များရွေးချယ်ရာတွင်ဒေသခံတွင်းနေထိုင်သူ မြို့နယ်ရှိ အဖွဲ့အစည်းတစ်ခု အတွင်း တက်တက်ကြွကြွဆောင်ရွက်နေသူ၊ တိုင်းရင်းသားအရေးကို သိရှိနားလည်သူ၊ ပြည်ထောင်စုအရေးကို စိတ်ဝင်စားသူ၊ ညီလာခံမှ ဆုံးဖြတ်ချက်များအား တိုင်းရင်းသားအလိုက် ပုခုံးထမ်းပြောင်း ခေါင်းဆောင် လုပ်နိုင်သူ၊ အသက် ၂၅ နှင့် ၃၅ အကြားရှိ မငယ်လွန်း မကြီးသူ စသည့် အချက်များအပေါ်တွင် အခြေခံ ရွေးချယ်မည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ် ညီလာခံဖြစ်မြောက်ရေးကော်မတီ(Coordinating Committee of Nation Ethnic Youth Conference၊(CCNEYC))ကို တိုင်းရင်းသားလူမျိုး (၁၆)မျိုးမှ ကိုယ်စားလှယ်(၇၉)ဦး တက်ရောက်ဆွေးနွေးဆုံးဖြတ်ကာ ကော်မတီဝင် (၃၈)ဦးပါဝင်သော ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

No comments: