Friday, July 1, 2016

သပြေပညာရေးဖောင်ဒေးရှင်းမှ စာအုပ်သစ်များမိတ်ဆက်ပွဲကျင်းပ

မြတ်မြတ်မွန်

သပြေပညာရေးဖောင်ဒေးရှင်းမှ ထုတ်ဝေသော စာအုပ်သစ်များ မိတ်ဆက်ပွဲကိုရန်ကုန်မြို့ စိမ်းလန်းစိုပြေရှိ Zephyr စားသောက်ဆိုင်တွင် ဇွန်လ ၃၀ရက်တွင် ကျင်းပခဲ့သည်။

၎င်းပွဲတွင် သပြေပညာရေးဖောင်ဒေးရှင်း နှင့် Educasiaတို့မှ ဦးစီးထုတ်ဝေသော ဖတ်စာအုပ်များနှင့် ထုတ်ဝေဖြစ်ခဲ့ပုံအကြောင်းအရင်း၊ အသုံးပြုပုံများအကြောင်းကို သက်ဆိုင်ရာ ဖတ်စာအုပ်များအား ရေးဆွဲပြုစုသူများမှ ပြောကြားခဲ့သည်။

မိတ်ဆက်ခဲ့သောဖတ်စာအုပ်များတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံအခြေခံကျောင်းသားလက်စွဲ၊ ဆရာလက်စွဲ၊ အလုပ်ခွင်ဝင်ရောက်မည့် သူများအတွက် လိုအပ်သော အရည်အချင်းကိုမြှင့်တင် ပေးသည့် ကျောင်းသားလက်စွဲ၊ ဆရာလက်စွဲစာအုပ်များ၊ စာသင်ကြားမှု အတတ်ပညာဆိုင်ရာ စာအုပ်များ၊ နိုင်ငံရေးအတွေးအခေါ် နှင့် ကျင့်စဉ် စာအုပ်၊ ကိုယ်တိုင်လေ့လာနိုင်သည့် အခြေခံအင်္ဂလိပ်-မြန်မာ၊ အင်္ဂလိပ်-ကရင် စာအုပ် နှင့် မြန်မာ့သမိုင်းကျောင်းသားလက်စွဲ၊ ဆရာလက်စွဲစာအုပ်များကို မိတ်ဆက်ခဲ့သည်။

“ကျနော်တို့ သပြေပညာရေးဖောင်ဒေးရှင်းကို ထူထောင်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပညာရေးနယ်ပယ်ကနေ ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ အခုတော့ အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းတွေ (SCO)၊ အရပ်ဘက် အခြေပြု ဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘုန်းတြော်ကီးသင် ပညာရေးကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ အစိုးရကျောင်းတွေနဲ့ ပူးပေါင်းဖို့လည်း ဖိတ်ခေါ်ပါတယ်။” ဟု သပြေပညာရေးဖောင်ဒေးရှင်းမှ အုပ်ချုပ်မှုဒါရိုက် တာစောမျိုးမင်းသူက ပြောကြားသည်။

သပြေပညာရေးဖောင်ဒေးရှင်းသည် ၁၉နှစ်သက်တမ်းရှိပြီး ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် စတင်တည်ထောင်ပြီး မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ်တွင် ကံ့ကော်ပညာရေးစင်တာအဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်ကာ ဖောင်ဒေးရှင်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ၂၀၁၁ တွင် မြန်မာနိုင်ငံငံသိုပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ လက်ရှိသပြေပညာရေးဖောင်ဒေးရှင်းတွင် IELTS, TOEFL အင်္ဂလိပ်စာသင်တန်းများ၊ Community Leadership and Social Studies (CLASS) သင်တန်းများ၊ နိုင်ငံတကာပညာသင်ဆုများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အွန်လိုင်းမှ တဆင့်လေ့လာနိုင်သော အင်္ဂလိပ်စာသင်တန်းများ(EPOP)၊ စေတနာ့ဝန်ထမ်း အစီအစဉ် နှင့် မကြာမီ ဂျူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်သော ကံကော် ဘာသာပြန် စကားပြန်ကျောင်း (Kant Kaw School of Interpretation and Translation- SIT) စသည့် ပညာရေးဆိုင်ရာအစီအစဉ်များရှိသည်။

No comments: