Tuesday, July 19, 2016

အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ မေတ္တာသင်္ဂဟအဖွဲ့မှ ရခိုင်ရေဘေးအတွက် ကျပ် သိန်း ၄၀ လှူဒါန်း

နိရဉ္စရာ၊


(၆၉) နှစ်မြောက် အာဇာနည်နေ့ တွင် ကျဆုံးခဲ့ကြရသော နိုင်ငံခေါင်းဆောင်ကြီးများကို ရည်စူးပြီး မေတ္တာသင်္ဂဟ အဖွဲ့မှ ရခိုင်ရေဘေးအတွက် ကျပ်သိန်း ၄၀ ကူညီလှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

ရုပ်ရှင်သရုပ်ဆောင်အဆိုတော်များဖြင့် ဖွဲ့စည်းထားသော မေတ္တာသင်္ဂဟအဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့ နံနက်က တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့် ကျောင်းတိုက်သို့ လာရောက်ရှိလာပြီး လက်ထောက်ဆရာတော် ကုမာရ (ခ) ဦးဇင်းဘီလူး ဦးဆောင်သည့် ရခိုင် အမျိုးသား လူမှု ကယ်ဆယ်ရေး အဖွဲ့ ( RNSWO) မှ တစ်ဆင့် လှူဒါန်းခဲ့သည်ဟု သိရသည်။

၎င်းအလှူငွေများအား ရခိုင်ပြည်နယ် ရေဘေးသင့် မြို့နယ်များ ဖြစ်ကြသည့် မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော် တို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခြင်း ဖြစ်ကြောင်း ဦးဇင်းဘီလူးက ပြောဆိုသည်။

မေတ္တာသင်္ဂဟ အဖွဲ့ကို လူမှုရေး အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ရုပ်ရှင် သရုပ်ဆောင်များဖြင့် ၂၀၁၁ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်ဟု ရုပ်ရှင် သရုပ်ဆောင် ခန့်စည်သူက ပြောကြားသည်။

ယနေ့ လှူဒါန်းသို့ အခမ်းအနားသို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ ရုပ်ရှင်မင်းသား ခန့်စည်သူ၊ တေးသံရှင် ဖော်ကာ၊ ရုပ်ရှင် မင်းသမီးများ ဖြစ်ကြသည့် ထွန်းအိန္ဒြာဗိုလ်၊ စိုးမြတ်သူဇာ၊ အိချောပို၊ ချစ်စနိုးဦး၊ ရတနာမိုင် စသည်တို့တက်ရောက်ခဲ့ကြပြီး RNSWO ဘက်မှ Miss ထွန်းပုလဲရတနာ၊ Miss နှင်းဝတ်ရည်သင်း တို့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

No comments: