Monday, July 18, 2016

အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ စုံညီအစည်းအဝေး စတင်ကျင်းပ

ဖနိဒါ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chiang Mai Orchid ဟိုတယ်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။

ပထမနေ့ အစည်းအဝေးတွင် သဘာပတိအဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အရံသဘာပတိများအဖြစ် ABSDFမှ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ KNU/KNLA-PC မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူးတို့ လုပ်ဆောင်ခဲ့ကာ အကျိုးဆောင်များအဖြစ် စောမြရာဇာလင်းနှင့် ရဲဘော်နန်းယဉ်တို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြင်ဆင်တာ ဖြစ်တယ်။ ဆို ဒုတိယအချက်က လုပ်ငန်း အစီရင်ခံစာတွေ ကြားနာပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ရှေ့ဆက် ဘယ်လိုသွားမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဆိုလိုတာကတော့ ၂၁ ပင်လုံ ညီလာခံ ပြင်ဆင်မှုက မိုင်ဂျာယန်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တက်ရောက်ဖို့ ဆွေးနွေးမဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးမယ့် သဘောလည်း ပါပါတယ်၊ အဓိကတော့ ဒီသုံးချက်ပေါ့နော်”ဟု KNU မှ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

NCA လက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်တိုးတက်မှုများ အများကြီး ရှိခဲ့ပြီး ယနေ့ ပြောင်းလဲလာသည့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်လာမှုအပေါ် ရှေ့လုပ်ငန်းများ ချမှတ်သွားရန်နှင့် မိမိတို့ လိုလားသည့် နိုင်ငံရေးအဖြေကို သမာသမတ်ကျသည့် နိုင်ငံရေးအဖြေ ရရှိရန်ဆောင်ရွက်ရမည် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“မိမိတို့ရဲ့ နိုင်ငံရေးလိုလားချက် နိုင်ငံရေးဆွေးနွေးမှု တောင်းဆိုချက်များဟာ ပကတိ တိုင်းပြည်ရဲ့ အခြေအနေနဲ့လိုက်လျော ညီထွေ ကိုက်ညီပြီး သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကြပြီး အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံရေး အဖြေကို ရဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက မိမိတို့လိုအပ်ချက်အကုန်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေ မဟုတ်ဘဲ။ သမာသမတ်ကျတဲ့ နိုင်ငံရေး အဖြေကို ရရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ နိုင်ငံရေး ပန်းတိုင်သည် စစ်မှန်သော ငြိမ်းချမ်းရေးကို အာမခံသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရန် ယခင်အစိုးရ လက်ထက်နှင့် ယခုအစိုးရသစ်လက်နက်တွင်လည်း ကြိုးစားဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဘုံနိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် နှစ်ရှည်လများ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ရန် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ဆက်လက်ပြီး NCA ပြဌာန်းချက်များနှင့်အညီ အပစ်အခတ် ရပ်စဲရေး ခိုင်မာစေရန် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အစိုးရမှ တာဝန်ရှိသူများနှင့် အကောင်အထည်ဖော်နေသည်ဟု ဆိုသည်။

“ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့တကွ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ဟာ စစ်မှန်သော ငြိမ်းချမ်ရေးကို အာမခံတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရန် ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ရည်မှန်းချက်ကို ရရှိဖို့အတွက် ယခင်အစိုးရလက်နက်မှ ကြိုးစားခဲ့သလို၊ ယခုအစိုးရသစ် လက်ထက်မှာလဲ ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ဦးစားပေးဆောင်ရွက်ရမည့် ရည်မှန်းချက်များသည်လည်း ပြည်သူလူထုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ရည်မှန်းချက်များနှင့်လည်း လိုလားသည့်အချက်များဖြစ်၍ ၎င်းရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်နိုင်ရန် ဦးစွာ ငြိမ်းချမ်းရေးတည်ဆောက်ရမည် ဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရမည် ဖြစ်သလို၊ နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း အားလုံး ပါဝင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးတွင် ပါဝင်နိုင်ရန်အတွက် မိမိတို့ နိုင်ငံရေး ရည်မှန်းချက်ကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်အရ အကောင်အထည်ဖော်ဆောင်နိုင်ရန် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်ကြရန် တိုက်တွန်းထားသည်။

ပထမနေ့ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်နေရး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၊ ပစ်ခတ်မှုရပ်စဲရေး ပူးတွဲကော်မတီ(JMC)၊ ပြည်ထောင်စု ငြိမ်းချမ်ေးရးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စသည့် အဖွဲ့တို့မှ အစီရင်ခံစာများ တင်သွင်းခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်သွားမည် ဖြစ်ကြောင်း သရသည်။

သုံးရက်ကြာ အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကိစ္စများ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းဆိုင်ရာကိစ္စများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း ပြင်ဆင်ခြင်း၊ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအ၇ာများ ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်မှ ၂၀ ရက်ထိ ကျင်းပသွားမည် ဖြစ်သည်။

No comments: