Saturday, July 16, 2016

ကျောက်ဖြူကျေးလက်ဥက္ကဋ္ဌ ကိုမောင်အေးအပါအ၀င်သုံးဦးကိုအလုပ်​နှင့်​ထောင်ဒဏ်ချမှတ်

ကျော်ဝင်း(ကျောက်ဖြူ)


ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည့်စွဲချက်ဖြင့် အမှုရင်ဆိုင်နေကြရသည့် ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်အေးနှင့် နောက်ထပ် လူငယ် နှစ်ဦးတို့ကို ကျောက်ဖြူ မြို့နယ် တရားရုံးမှ ယနေ့ နံနက်က အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

“ ဇူလိုင်လ ၁၃ရက် နံနက် ၁၀ နာရီမှာ ထောင်ဒဏ်အသီးသီးချမှတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မတရားအသင်း အက်ဥပဒေ ၁၇(၁)နဲ့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဦးမောင်အေးကို ထောင်ဒဏ် ၂ နှစ်နဲ့ ဦးထွန်းသာဖြူနှင့် ဦးဇော်ဝင်းမောင်တို့နှစ်ဦးကို ထောင်ဒဏ် ၃ နှစ် စီ အသီးသီးချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု သူတို့ အမှုကို လိုက်ပါ ကူဆောင်ရွက်ပေးနေသူ ရှေ့နေဦးတင်မြင့် ကပြောသည်

ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး၊ ပေါက်တောမြို့နယ်၊ ယင်းရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင်တို့ သုံးဦးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာတွင် ဦးမောင်အေး၏နေအိမ်မှ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

” သတင်းအရ စရဖ ကတရားစွဲဆိုတာပေါ့။ သုံးဦးစလုံးကို မတရားအသင်းအက်ဥပဒေ ၁၇(၁)နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ အောက်ရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာကိုတော့ မှတ်ချက်မပေးလိုပါဘူး။ အထက်ရုံးကို ဆက်လက်ပြီး အယူခံဝင်သွားဖို့ရှိပါတယ်”ဟု ရှေ့နေဦးတင်မြင့် ကပြောသည်။

၎င်းတို့သုံးဦးစလုံးအား ပြစ်ဒဏ်ကို ချုပ်ရက်မှ ခံစားစေပြီး အလုပ်နှင့်ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေက ဆက်လက် ပြောဆိုသည်။

No comments: