Sunday, July 17, 2016

တပ်ချုပ်ကို မြောက်ဦးဒေသခံတွေ ဘာတွေ တင်ပြခဲ့သလဲ

နိရဉ္စရာ၊


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလှိုင်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း၌ မြောက်ဦးမြို့ပေါ်က တာဝန်ရှိသူများ၊ ရေဘေး ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြောက်ဦးဒေသခံများက မြောက်ဦးမြို့ နှစ်စဉ် ရေကြီးမှုကို ကာကွယ်မည်ဆိုလျင် နိုင်ငံတော် အစိုးရမှ စီမံကိန်းများ ချမှတ်ပြီး မြောက်ဦးချောင်းကို ရေစီးရေလာကောင်းအောင် တူးဖော်ရန် လိုအပ်ကြောင်း တင်ပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ကိုယ်တိုင် တင်ပြတောင်းဆိုခဲ့သူ မြောက်ဦး နာရေး ဥက္ကဋ္ဌ ဦးဦးမောင်သန်းက “ ကျွန်တော်တို့ မြောက်ဦးဟာ ဒီလိုဘဲ နှစ်စဉ် ရေကြီးနေတဲ့ အခါကျတော့ လေးမြို့မြစ်က ရေ မြောက်ဦးကို စီးဆင်းလာတယ်။ စီးဆင်းလာတော့ မြောက်ဦးကို ရေလွှမ်းသွာတယ်။ မြောက်ဦးမှာ ရှိနေတဲ့ ချောင်းတွေ၊ မြောင်းတွေ က တိမ်ကောသွားတာရယ်။ နောက်ပီးတော့ ချောင်းတွေ၊ မြောင်တွေပေါ်မှာ ကျူးကျော်အိမ်တွေ တည်ဆောက်လုပ်ထားတာရယ်၊ ကျဉ်းမြောင်းစွာ တည်ဆောက်ထားတဲ့ အိမ်ကြီးငယ်တွေကြောင့် ရေထွက်ပေါက်တွေ မရတော့ဘဲ ရေတွေဟာ မြို့ထဲမှာ အောင်းပြီးတော့ ရေလွှမ်းမိုးတာ ဖြစ်ပါတယ်။ အဲဒီ ဥစ္စာကို မြောက်ဦးမြို့မှာ ရှိတဲ့ ဌာနဆိုင်ရာတွေ၊ တာဝန်ရှိတဲ့ နိုင်ငံတော် အစိုးရက အကုန်လုံး ရှင်းလင်း တူဖော်ပေးမယ်ဆိုရင် မြောက်ဦးမှာ ရေဘေးဒုက္ခက အတော်လေး လွတ်မြောက်သွားနိုင်တယ်ဆိုတာကို တင်ပြခဲ့ပါတယ်” ဟု နိရဉ္စရာသို့ ပြောကြားသည်။

၎င်းပြင် ယခုလို နှစ်စဉ် နှစ်တိုင်းရေကြီနေပါက ရှေးဟောင်း အနုပညာ လက်ရာများလည်း များစွာ ပျက်စီး ထိခိုက်ဖွယ်ရာ ရှိနေကြောင်း၊ မြောက်ဦးမြို့အနီး ဖြတ်သန်း ဖောက်လုပ်ထားသော မီးရထားလမ်း အတွင်းဘက်နှင့် အပြင်ဘက်ကျေးရွာများတွင် များစွာ ရေကြီးခြင်းကို တွေ့ခဲ့ကြောင်း၊ မီးရထားလမ်း ကို ဖောက်လုပ်ရာတွင် ရေစီးထွက်ပေါက်နည်းပါးကြောင်း၊ တံတားလည်း နည်းပါးကြောင်း၊ မီးရထားလမ်း အတွင်းဘက်တွင် ကျေးရွာများတွင် အများဆုံး ရေနစ်မြုပ်သည်ကို တွေ့ရကြောင်း၊ သို့အတွက် ရထားလမ်းကို ဖျက်ပစ်ရန် (သို့မဟုတ်) အသစ်ဖောက်လုပ်ရန် (သို့မဟုတ်) ရေထွက်ပေါက်ရအောင် တံတားများ တည်ဆောက်ပေးရန်တို့ကို တောင်းဆိုခဲ့ပါကြောင်း ဦးဦးမောင်သန်းက ဆက်လက် ပြောကြားသည်။

“ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြောက်ဦးဟာ မိုးများတဲ့ ဒေသဖြစ်တယ်။ ရာသီဥတုကလည်း ဖောက်ပြန်လာတဲ့အခါကျတော့ မိုးရွာလို့ရှိရင် ရေတော့ကြီးမှာဘဲ။ ဒါပေမယ့် ရေကြီးတာတွေကို ကျွန်တော်တို့ ဘယ်လို ကြိုတင် ကာကွယ်တားဆီးရမလဲဆိုတဲ့ ဥစ္စာကို သူတို့ဘက်က လုပ်ပေးနိုင်တဲ့ အပိုင်းကိုတော့ လုပ်ပေးမယ်လို့ ပြောသွားပါတယ်” ဟု ပြောကြားသည်။

ယနေ့တွေ့ဆုံပွဲကို မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ဓမ္မာရုံတွင် နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲထိ ပြုလုပ်ခဲ့ပြီး ရေဘေး ဒုက္ခသည် ၇၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

No comments: