Saturday, July 16, 2016

အသက်မွေးဝမ်းကြောင်းပညာကို တန်ဖိုးထားရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

နေဖြိုးဝင်း


မြန်မာနိုင်ငံနဲ့ အရှေ့တိုင်းနိုင်ငံတွေမှာ တက္ကသိုလ်ပညာကိုပဲ တန်ဖိုးထားပြီး အသက်မွေး ၀မ်းကြောင်းပညာကို တန်ဖိုးမထားကြဘဲ ဒုတိယတန်းစားပညာလို့ သဘောထားကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇူလိုင် ၁၅ ရက်မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ မှာ ကျင်းပတဲ့ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

“အသက်မွေးဝမ်းကြောင်းပညာကို တန်ဖိုးထားတဲ့ နိုင်ငံတွေဟာ အင်မတန်မှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေပါ။ ကျွန်မ အမြဲပြောပါတယ်။ ကျွန်မတို့ဟာ ရည်မှန်းချက်ကြီးဖို့ လိုပါတယ်။ အသက်မွေးဝမ်းကြောင်းပညာ ဘယ်လို ပုံစံနဲ့ ဖော်ထုတ်နိုင်လည်း၊ ခံယူနိုင်မလဲ စဉ်းစားတဲ့နေရာမှာ အကောင်းဆုံး၊ အတော်ဆုံးနိုင်ငံတွေကို ကြည့်စေချင်တယ်။ တချို့ကတော့ ပြောပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခုမှ ဖွံ့ဖြိုးစပဲ ရှိသေးတယ်။ အင်မတန်မှ ပညာ ရေးနဲ့ပတ်သက်လို့ရှိရင် အဆင့်နိမ့်သွားနေပြီ၊ ဒါကြောင့် သိပ်ပြီးတော့ မြင့်မြင့်ကြီး မကြံပါနဲ့လို့ပြောတယ်။ ကျွန်မ ကတော့ အဲဒါကို လက်မခံပါဘူး။ အခုရတဲ့ အခွင့်အရေးကို သုံးပြီးတော့ အကောင်းဆုံးဖြစ်အောင်၊ အမြင့်ဆုံး ရောက်အောင် ကြိုးစားရမှာပါ။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် အစကနေ ပြန်ပြီးတော့ စနေရတာကြောင့်မို့ လို့ အနှောင်းသေချာအောင် အစကောင်းမှအနှောင်းသေချာတယ်ဆိုသလို အနှောင်းသေချာအောင် ကောင်း ကောင်းစဖို့ လိုပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်စေချင်ပါတယ်။ အသက်မွေးဝမ်းကြောင်းပညာနဲ့ ပတ်သက်လို့ တကယ်ကိုအောင်မြင်တဲ့နိုင်ငံတွေကို ကြည့်ပြီးတော့ အဲဒီနမူနာတွေကို ယူစေချင်ပါတယ် ”

အသက်မွေးဝမ်းကြောင်းပညာရဲ့ တန်ဖိုးကို မြန်မာနိုင်ငံသူနိုင်ငံသားတွေ လက်ခံ နားလည်နိုင်အောင်လုပ်ပေးဖို့ အရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

“ကျွန်မတို့ အစိုးရအနေနဲ့ ဘယ်လောက်ပဲ အားပေး အားပေး၊ ပညာရေးဝန်ကြီးဌာနအနေ နဲ့ ဘယ်လောက်ပဲ အသက်မွေးဝမ်းကြောင်းပညာကျောင်းတွေကို ဖွင့်ဖွင့်၊ ဘယ်လိုပဲကောင်းအောင် လုပ်လုပ် နိုင်ငံသူသားတွေဟာ အသက်မွေးဝမ်းကြောင်းပညာဆိုတာ ဒုတိယတန်းစားပညာပဲ၊ ဖြစ်နိုင်ရင်တော့ ငါတို့သား သမီးတွေကို တက္ကသိုလ်ဘဲ လွှတ်မယ်။ တက္ကသိုလ်အဆင့်မမီမှ အဲဒီသွားစေမယ်၊ အဲဒီစိတ်ဓါတ်တွေရှိမယ်ဆိုရင် တိုးတက်ဖို့ အောင်မြင်ဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ကတော့ အသက်မွေး ၀မ်းကြောင်းပညာ ကို အင်မတန်မှ လေးစားတယ်။ တန်ဖိုးထားတယ်။ အသက်မွေးဝမ်းကြောင်း ပညာစနစ်အောင်မြင်ဖို့ အားလုံးကနေ ၀ိုင်းဝန်းပြီး ကြိုးပမ်းပေးစေချင်ပါတယ်”

နည်းပညာ၊ သက်မွေးပညာရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပညာရေးဝန်ကြီးဌာန က ဦးဆောင်ကျင်းပတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် စတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ တက်ရောက်ပါတယ်။

ဇူလိုင် ၁၅ ရက်ကနေ ၁၆ ရက်ထိ နှစ်ရက်တာ ကျင်းပမယ့် ဖိုရမ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် ရရှိရေးနှင့် ခေတ်မီစီးပွားရေးကို ပုံဖော်ရေး၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍမှာ သင်ယူနိုင်မှု အခွင့်အလမ်း၊ အရည်အသွေးနဲ့ စီမံခန့်ခွဲမှုတွေ မြှင့်တင်ရေး စတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

No comments: