Friday, July 15, 2016

ချင်းပြည်တောင်ပိုင်းညီလာခံ ကျင်းပခွင့်ပိတ်ပင်ခံရ

Khonumthung


ချင်းပြည်နယ် မင်းတပ်မြို့တွင် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော ချင်းပြည်တောင်ပိုင်းညီလာခံ အစည်းအဝေးကို နိုင်ငံတော်အစိုးရက ကျင်းပခွင့်ပိတ်ပင်လိုက်ကြောင်းသိရသည်။

မင်းတပ်မြို့ ဦးဝမ္မသူးဟာရှိန်းမိုးလုံလေလုံအားကစားရုံတွင် ၂ ရက်တာ ကျင်းပရန် စီစဉ်ထားသော ချင်းပြည်တောင်ပိုင်း ညီလာခံကို ဆိုင်းငံ့ထားရန် ညီလာခံ မကျင်းပခင် တစ်ရက်အလိုတွင် နိုင်ငံတော် သမ္မတရုံးက ညွန်းကြားလာသည်ဟု ညီလာခံကျင်း ပရေးကော် မတီအတွင်းရေးမှူး ဦးအောင်လောဟာ ကပြောသည်။

“ ဒီကိစ္စကို အခြေအနေအချိန်အခါအရ ခေတ္တဆိုင်းငံ့ထားဖို့ဆိုပြီး ခရိုင်အုပ်ချူပ်ရေးမှူးကနေတဆင့် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးလက်မှတ်နဲ့ညွန်ကြားစာကျနော်တို့ဆီပို့လာပါတယ်’’ ဟု ဦးအောင်လောဟာကပြောသည်။

ယင်းအခြေအနေကြောင့် ချင်းပြည်တောင်ပိုင်းညီလာခံကို နဂိုစီစဉ်ထားသည့်အတိုင်း မကျင်းပနိုင်တော့ကြောင်း၊ ညီလာခံ သဘောမျိုးမဟုတ်ဘဲ တွေ့ဆုံပွဲပမာကျင်းပရန်လည်း တဖန်စီစဉ်ခဲ့ကြသော်လည်း ဒေသတွင်းအာဏာပိုင်များ၏ အနီးကပ် စောင့်ကြည့်မှုများကြောင့် ဘာတစ်ခုမျှလုပ်ဆောင်၍မရကြောင်း သူကဆက်ပြောသည်။

တောင်ပိုင်းညီလာခံတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံကို ကျင်းပခဲ့ကြပြီး ဘုံသဘောတူညီချက် (၁၅၁) ချက်အပေါ် ပြန်လည်လေ့လာဆန်းစစ်ခြင်း နှင့် ၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိစ္စကို နှင့် ချင်း ပြည်နယ်တောင်ပိုင်းတွင်တည်ရှိသော မြို့နယ် ၄ မြို့နယ်အကြား အမျိုးသားရေးလုပ်ငန်းပိုင်းဆိုင်ရာတွင် ရေရှည်အလုပ် တွဲလုပ်နိုင်ရေး ဆုံရပ်အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာရေးတို့ကို အဓိကဆွေးနွေးရန် စီစဉ်ထားခဲ့ကြသည်။

ညီလာခံသို့ တက်ရောက်ရန်အတွက် ချင်းပြည်တောင်ပိုင်းဒေသခံမှ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ် တို့မှ ကိုယ်စားလှယ်နှင့် အထူးဖိတ်ကြားခံရသော ပုဂ္ဂိုလ်များလည်း ရောက်ရှိလာကြပြီး ညီလာခံကျင်းပရန် အဆင်သင့်ဖြစ် ပြီးသည့်အချိန်တွင် ယခုကဲ့သို့ အနီးကပ် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်။

“ ကျနော်တို့အတော်လေးစိတ်မကောင်းဖြစ်မိပါတယ်၊ ဒီလိုမျိုးအခြေအနေကြုံရတာ ကျနော်တို့ရင်ထဲမှာ အတိုက်ခိုက်ခံရ တယ်လို့ခံစားရတယ်၊ ကျနော်တို့အများကြီးမျှော်လင့်ခဲ့တဲ့အစိုးရအနေအထားနဲ့ အခုလက်ရှိကျနော်တို့ကြုံရတဲ့အနေအထား နဲ့ အတော်လေးကွာဟတယ်လို့မြင်တယ်’’ ဟု ဦးအောင်လောဟာကပြောသည်။

ယခုကဲ့သို့ တောင်ပိုင်းညီလာခံကျင်းပခွင့်ပိတ်ပင်ခံရသည့်အကြောင်းရင်းအား မသိရသေးသော်လည်း ညီလာခံကျင်းပ ခွင့် တောင်းခံသည့်အချိန်က မင်းတပ်ခရိုင်မျိုးနွယ်စုများတွေ့ဆုံပွဲအမည်ဖြင့် တောင်းဆိုခဲ့ပြီး၊ နောက်ပိုင်းတွင် ချင်းပြည်တောင် ပိုင်းညီလာခံအမည်ဖြင့်သာ ညီလာခံကျင်းပရန် စီစဉ်နေသည့်အတွက်ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်နိုင်သည်ဟု လေ့လာ သိရှိရသည်။

No comments: