Saturday, July 16, 2016

မ၊ဘ၊သ မေးခွန်းများ

တင်မောင်သန်း


ကိုတိုး။ သံဃာ့မဟာနာယကအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်နဲ့ မ၊ဘ၊သ သတင်းကို မန္တလေးက အပြန် ခရီးရောက်မဆိုက် လှမ်းပြောလို့ အများကြီး ကျေးဇူးတင်တယ်ဗျာ။ ပဋိပက္ခတခု လျော့ပါး သွားတန်ကောင်းရဲ့လို့ မျှော်လင့်ရပေတာပေါ့။ ဒါပေမဲ့ ကိုတိုးရေ .. မ၊ဘ၊သ အဖွဲ့မှာ ပါနေတဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ယုံကြည်မှု၊ ခံစားချက်နဲ့ ပြုမူ လုပ်ကိုင်ပုံတွေ အပေါ်ကော သက်ရောက်မှု ရှိပါလေမလားဆိုတာက ကျနော်ခေါင်းထဲ ပေါ်လာတဲ့ ပထမဆုံးမေးခွန်း ဖြစ်ပါတယ်။ ပြီးသွားလိမ့်မယ်လို့ ကျနော်တော့ မထင်သေးဘူးဗျ။

ဘာကြောင့်လဲဆိုတော့ မ၊ဘ၊သ က တင်ပြနေတဲ့ ကိစ္စတွေအပေါ် စိုးရိမ်မကင်းဖြစ်ကြတဲ့ အသိုက်အ၀န်းက မသေးလှဘူးလို့ ကျနော် နားလည်ထားလို့ပါ။ အဲဒီ အသိုက်အ၀န်းရဲ့ အမြင်တွေ ကို ကျနော် လက်မခံပါဘူး။ မ၊ဘ၊သ အဖွဲ့က တင်တဲ့ ဥပဒေ ၄ ခုထဲ က ဥပဒေတခုနဲ့ ပတ်သက်ပြီး၊ အန်ဂျီအိုက သူတွေနဲ့ မ၊ဘ၊သ က ပုဂ္ဂိုလ်တွေကို အထက်လွှတ်တော်ကော်မတီက ခေါ်ယူ သဘောထား နားထောင်ခဲ့ရာမှာ အန်ဂျီအိုတွေနဲ့ အတူ ကျနော်က တင်ပြဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက မ၊ဘ၊သ ဘက်က လာရောက်ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာ မောင်သွေးချွန်လည်း ပါပါတယ်။ စာရေးဖော်ရေးဖက်တွေ ပြန်တွေ့ကြတော့ ကြားနာပွဲ မစခင်၊ စကားစမြည်ပြောကြပေါ့ ကိုတိုးရာ။ မိတ်ဆွေတွေ ဖြစ်ကြပေမဲ့ သူက တဘက်၊ ကိုက တဘက်ကိုးဗျ။ သူကလည်း သူ ယုံကြည်ရာမှာတော့ အခိုင်ပါပဲ။ ကို တင်မောင်သန်း နဲ့ ကျနော် က ဟိုးတုန်းကတည်းက သိကြတဲ့ မိတ်ဆွေတွေပါတဲ့။ ဒါပေမဲ့ အမျိုးဘာသာ၊ သာသနာ နဲ့ ပတ်သက်လာရင်တော့ သူ့ကိုလည်း ချေမှုန်းရမှာပါပဲ လို့ ဆရာမောင်သွေးချွန်က ပြောသတဲ့ဗျ။

ဒီလို အခြေအနေမှာ ရန်ကုန်တိုင်းအစိုးရရဲ့ ၀န်ကြီးချုပ် ကိုဖြိုးမင်းသိန်းက မ၊ဘ၊သ မလိုအပ်ဘူးလို့ ပြောလိုက်ပါတယ်။ ကျနော်အတွက်လည်း မ၊ဘ၊သ မလိုအပ်ဘူး ကိုတိုးရ။ ဒါပေမဲ့ ကိုဖြိုးမင်းသိန်းက ၀န်ကြီးချုပ် ဖြစ်နေတော့ ကျနော်ခေါင်းထဲ မေးခွန်းက လိုက်လာပြန်ပါတယ်။ ကျနော် စဉ်းစားမိတာကတော့ အစိုးရတာဝန်ရှိသူတယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ တာဝန်ပိုင်း ဖြစ်ပါတယ်။ စဉ်းစားတဲ့အခါ၊ မ၊ဘ၊သ ဆိုတဲ့အဖွဲ့ထက် လူမှုအဖွဲ့အစည်းတရပ် ဆိုတဲ့ မူသဘောကနေ စဉ်းစားမိတာပါ ကိုတိုး။ လူမှုအဖွဲ့အစည်းတရပ် လိုအပ်၊ မလိုအပ်ကို လူမှု အဖွဲ့အစည်းကို ဖွဲ့စည်းတဲ့ အသိုက်အ၀န်းက စဉ်းစားဆုံးဖြတ်တာ အဓိက ကျသလား။ အစိုးရ က အဓိကကျသလားဆိုတဲ့ မေးခွန်းပါပဲ။ ဒါပေမဲ့ မ၊ဘ၊သ အဖွဲ့အစည်းကိစ္စမှာတော့ မ၊ဘ၊သ က သံဃာ့အဖွဲ့အစည်းလား၊ လူမှုအဖွဲ့အစည်းလားဆိုတာ ဆက်မေးရပြန်ဦးမှာပါ။ လူမှုအဖွဲ့အစည်း ဆိုရင်တော့ မိမိ နဲ့ သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းက သူဘာသာ လိုအပ်တယ်လို့ ထင်မြင်တဲ့ ထင်မြင်ချက်ကို ဘယ် အစိုးရပဲဖြစ်ဖြစ်၊ ကျနော်ကတော့ လေးစားစေချင်ပါတယ်။ ကိုဖြိုးမင်းသိန်းက မ၊ဘ၊သမို့ ပြောထင်ပါရဲ့ လို့ စိတ်ဖြေရတာပေါ့။

ကိုတိုးရေး။ လူ့အဖွဲ့အစည်းထဲမှာ မတူတဲ့ကိစ္စတွေ ရှိကြပါတယ်။ ပြဿနာကို ဖွင့်ဆိုပုံ အမျိုးမျိုး ရှိကြပါတယ်။ ဖြေရှင်းပုံအပေါ်မှာလည်း သဘောထားအမျိုးမျိုး ကွဲနေနိုင်ပါတယ်။ အသိုက်အ၀န်း တရပ်က ကိစ္စတခုကို ပြဿနာ လို့ ယူဆပေမဲ့၊ အခြားအသိုက်အ၀န်းက ပြဿနာ လို့ ယူဆချင်မှ ယူဆမှာပါ။ ယူဆပုံ တူဦး၊ အတိုင်းအဆမှာလည်း မတူနိုင်ကြပါဘူး။ ဒီ အခြေအနေကို ကျနော်တို့ ဘယ်လို ကိုင်တွယ်ကြပါမလဲ။ အရင် စစ်အစိုးရလက်ထက်တုန်းကတော့ တိုင်းပြည်အတွင်း လူမှု အဖွဲ့အစည်းတွေရဲ့ လိုအပ်မှုကို အစိုးရက ဆုံးဖြတ်ပါတယ်။ ကိစ္စတရပ်လုံးရဲ့ လိုအပ်မှုကို သိတာ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း မဟုတ်ဘူး။ စဉ်းစားနိုင်စွမ်းရှိတာ သက်ဆိုင်ရာ လူမှု အဖွဲ့အစည်း မဟုတ်ဘူး။ အစိုးရ ဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံပြီး အုပ်ချုပ်ရေးကို လုပ်ကိုင်ခဲ့ တာပါ။ အထင်ရှားဆုံးပြောရရင်၊ အဲဒီအချိန်တွေမှာ ကျနော်တို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ က ပြဿနာ လို့ မြင်တာကို စစ်တပ်က ပြဿနာလို့ မမြင်သလို၊ စစ်တပ်က ပြဿနာ လို့ မြင်တာကိုလည်း ကျနော်တို့တွေက ပြဿနာ ကို မမြင်ခဲ့ဘူး မဟုတ်လား။ ပြဿနာ လို့ သဘောတူရင်တော့ အတိုင်းအဆ မြင်ပုံက မတူပြန်ဘူးလေ။ ဖြေရှင်းပုံတွေကလည်း မတူပြန်ပါဘူး။ ဒါကြောင့် လူမှု အဖွဲ့အစည်းတရပ် လိုအပ်၊ မလိုအပ်ဆိုတာကို အခြားသူတွေအနေနဲ့ လွတ်လပ်စွာ သဘောထား ပေးနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီဝင်တယောက်ကနေ အစိုးရအဖွဲ့ဝင် ဖြစ်လာတဲ့အခါ၊ သူရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်စည်းဝိုင်းက အရင်အတိုင်းပဲလား။ အရင်အတိုင်း မဟုတ်တော့ဘူး ဆိုရင် သူ့ရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် စည်းဝိုင်းက ဘယ်လောက်အထိ ရှိသလဲ ဆိုတာက နောက်ထပ် မေးခွန်းတရပ် ဖြစ်လာပါတယ်။

ဒါပေမဲ့ ကိုတိုး။ မ၊ဘ၊သ ကိစ္စမှာတော့ တခြား ဆက်စပ်အနေအထားကိုပါ စဉ်းစားစရာတွေ ရှိလာပါတယ်။ အဲဒီ ဆက်စပ်အကြောင်းအရာကတော့ အစွန်းရောက် ပြောဆိုကျင့်ကြံမှု ဆိုတဲ့ အကြောင်းပါပဲ။ လူမျိုးရေး ခွဲခြားတာ၊ ဘာသာရေးအဓိကရုဏ်း ဖြစ်နိုင်ခြေကို ဦးတည်တာ၊ အမုန်းစကား (hate speech) ပြောဆိုတာ စတဲ့ စတဲ့ကိစ္စတွေ ဆိုပါတော့။ ဒီတော့ ဖြစ်ပေါ်လာတဲ့ မေးခွန်းက အစွန်းရောက် ပြောဆိုကျင့်ကြံမှုတွေကို ကန့်သတ်တားဆီးတဲ့ ဥပဒေတွေ မရှိဘူးလား။ ရှိရင် အားနည်းနေသလား။ ရှိပါရက်နဲ့ အရေးယူဖို့ ခက်နေတယ်ဆိုရင် ဘာအကြောင်းတွေကြောင့် ခက်နေတာလဲ။ ဒါတွေ စဉ်းစားရလိမ့်မယ် ထင်ပါတယ်။ အစွန်းရောက် ပြောဆိုကျင့်ကြံမှုဆိုတာ ဥပဒေအရ ဘယ်လို အဓိပ္ပာယ် ဖွင့်ထားသလဲ။ ဥပဒေတွေကို ပြုစုရာမှာ တိကျဖို့ လိုပါတယ်။ အာဏာရှိသူက ထင်သလို အဓိပ္ပာယ် ဖွင့် ဆောင်ရွက်ပိုင်ခွင့်ကို ဖွင့်ပေးထားတဲ့ ဥပဒေမျိုးတွေ ကို ပြင်ဖို့ လိုပါလိမ့်မယ်။ တနည်းပြောရင် ချေမှုန်းရေးစကားတွေက လွတ်လပ်စွာ ပြောဆိုခွင့် နယ်ပယ်ကနေ ဥပဒေ နဲ့ ငြိစွန်းတဲ့စကား အဖြစ် ဘယ်လိုအခြေအနေ မှာ ပြောင်းလဲသွားသလဲ ဆိုတဲ့ စည်းခြားချက်တွေ တိတိကျကျ ရှိဖို့ လိုပါလိ့မ်မယ်။ ဒါတောင် လူပုဂ္ဂိုလ်တဦးချင်း ရဲ့ အပြုအမူနဲ့ အဖွဲ့အစည်း ကို ခွဲခြား ကြည့်ရဦးမယ် ထင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို စတင်ကျင့်သုံးခါစ ပတ်ဝန်းကျင်မှာ ကိုယ်ပါတဲ့ အဖွဲ့အစည်းရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်ပြီးတော့လည်း လူတဦးချင်းစီက လုပ်မိတတ်တာတွေ ရှိပေတာကိုး ကိုတိုးရ။ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တာဝန်ယူမှုကို ဘယ်လို ခွဲခြားမလဲ။ ဥပဒေကြောင်းအရ၊ ဘယ်လို ကြည့်မလဲ။ ဒါတွေ က မရှိသေးရင်၊ လူ့အဖွဲ့အစည်း အတွင်း ငြင်းခုန်းဆွေးနွေးကြရမှာပါ။ ပြီးတော့ လွှတ်တော်က ကိုင်တွယ်ရမှာပါ။ ရှိပြီးပြီ ဆိုရင်တော့ ရှေ့နေချုပ်ရုံး က စိစစ် ကြည့်ရှုရမှာပါ။ အဲဒီ စည်းကို လူမှု အဖွဲ့အစည်းတွေ ရှင်းရှင်း သိပြီး လေးစား လိုက်နာအောင်လည်း ဆောင်ရွက်ကြရမှာပါ။ တရားဥပဒေစိုးမိုးရေး ဖြစ်စဉ်နဲ့ သွားကြရမှာကိုး။

နောက် အကြောင်းအရာတခုကတော့ သံဃာနဲ့ နိုင်ငံရေးကိစ္စပါပဲ။ နိုင်ငံရေးဆိုတာကို အဓိပ္ပာယ် ဘယ်လို သတ်မှတ်ကြမှာလဲ။ သံဃာနဲ့ ဆက်စပ်ပြီး၊ ဥပဒေကြောင်းအရ၊ သတ်မှတ်ချက် ရှိသလား။ သံဃာနဲ့ ပတ်သက်လာရင် သံဃာ့အဖွဲ့အစည်းက ဆုံးဖြတ်နိုင်တယ် လို့ ကျနော် နားလည်ပါတယ်။ သမိုင်းကြောင်းအရ ပြောရရင်တော့ အမျိုးသားရေးလှုပ်ရှားမှုတွေ မှာ သံဃာတွေ ပါခဲ့ကြတာ ကိုတိုးလည်း အသိပါပဲ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး မှာ ပါခဲ့တဲ့ သံဃာတွေအပေါ် ဘယ်လို သဘောထားမှာလဲ။ ဦးဝိစာရ၊ ဦးဥတ္တမတို့အပေါ် ဘယ်လို သဘောထားမလဲ။ အဲဒါတွေက နိုင်ငံရေး မဟုတ်ရင်၊ နိုင်ငံရေးနဲ့ အမျိုးသားရေး လို့ ခွဲခြား နားလည်ရမှာလား။ အဲဒီလို ခွဲခြားနားလည်မယ် ဆိုရင် စစ်အာဏာရှင်လက်ထက်က ပြောခဲ့တဲ့ နိုင်ငံရေးနဲ့ အမျိုးသားရေးက ခု စစ်တပ် ပါဝင်ပြီး၊ ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရလက်ထက်မှာ ပြောမယ့် နိုင်ငံရေးနဲ့ အမျိုးသားရေးတို့နဲ့ ဘယ်လိုများ ကွာခြားသလဲ။ မကြာခင် အတိတ်ကို ပြန်ကြည့်တော့ သံဃာ့မဟာနာယကအဖွဲ့ကြီးရဲ့ ဆောင်ရွက်ချက်တရပ် ကိုကော နိုင်ငံရေးလို့ မပြောနိုင်ဘူးလို့ ပြောလို့ရမတဲ့လား။ ကြိုးစားက ဘုရားဖြစ်နိုင်တယ်၊ သာမန်လူ ကလည်း ဘုရားဖြစ်နိုင်တာပဲဆိုတဲ့ ကျနော်တို့တွေ အရပ်သုံး ပြောနေကျ စကားကို ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အခါ၊ ဗိုလ်ချုပ်ကြီးတယောက်က မ၊ဟ၊န ကို သွားလျှောက်တော့ မ၊ဟ၊န က တခုတ်တရ ကြေညာချက်ကြီး ထုတ်ပေးခဲ့သေးတာ မဟုတ်လား။ အဲဒီ ကြေညာချက် ကို အသုံးချပြီး အစိုးရသတင်းစာတွေက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ခဲ့သေးတာ ကိုတိုး မှတ်မိတယ်နော်။ ဒါ က ဘာမှ မကြာသေးတဲ့ အတိတ်။

ကိုတိုးရေး။ ခုရက်ပိုင်း အမျိုး၊ ဘာသာ၊ သာသနာအဖွဲ့အစည်း သတင်းတွေကို ဖတ်ရင်း၊ မောင်တင်မောင်သန်းမှာ မေးခွန်းတွေနဲ့ ချာချာလည်နေလို့ မနေနိုင်မထိုင်နိုင် ကိုတိုးကို မေးခွန်းတွေ ရှယ်ကြည့်မိတာပါ။ ဒီလိုဆိုတော့ တင်မောင်သန်းက ဗုဒ္ဓဘာသာ ဟုတ်ရဲ့လားလို့ မေးချင်သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ကျနော် ဗုဒ္ဓဘာသာဝင်ပါ။ ဗုဒ္ဓဘာသာမှာ နိုင်ငံ မရှိ၊ လူမျိုး မရှိ၊ ဘာသာ မရှိ ဆိုတာကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်မျိုး ဖြစ်ပါတယ်။ အော် .. ကိုတိုး။ အဲဒီ မရှိ စကားက ကျနော်စကား မဟုတ်ဘူးနော်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စကားလို့ ဆိုတယ်ဗျ။ ကျနော် က ဆရာတော်ကြီးကို မတွေ့ဘူးပေမဲ့ အဝေးက ကြည်ညိုသူပါ။ ဆရာတော်ကြီးရဲ့ နည်းနည်းပဲ တွေ့ရတဲ့ တရားတော်တွေကို နာကြားရတဲ့အခါတိုင်း၊ အထူးသဖြင့် မတွေးနဲ့ဆိုတဲ့ ဆုံမစကားကို သတိရတိုင်း၊ ပညတ်၊ အနိစ္စ မှာ အဟုတ်ကြီးထင်မှုတွေ နဲ့ ခုလို စာတွေ ရေးနေတဲ့ ငါ ပါတကား လို့ နှလုံးသွင်းမိတတ်သူပါ။

အင်း။ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆိုတာကလည်း ဆရာမောင်သွေးချွန် ကြည်ညိုလေးစားစွာ ဆောင်းပါးတွေ ရေးသား တင်ပြခဲ့တဲ့ ဆရာတော်ကြီးပါ။ ဒီအတွက်လည်း ဆရာ မောင်သွေးချွန် ကို ကျေးဇူးတင်ရပါတယ်။ ဆရာတော်ကြီး ပြောတဲ့ အဲဒီ “မရှိ” ကို “အရှိ” လို့ စွဲမှတ်ယူပြီး၊ မောင်သွေးချွန် ကလည်း သူ့ အဟုတ်ကြီးထင်မှု နဲ့ သူ၊ မောင်တင်မောင်သန်းကလည်း သူ့ အဟုတ်ကြီးထင်မှု နဲ့ သူ၊ ဖေ့စ်ဘွတ် အသုံးအနှုန်းကို ယူသုံးရရင် ကွီးကလည်း သူ့ဟာနဲ့သူ၊ ဘွီးကလည်း သူ့ဟာနဲ့ သူဆိုတော့ .. အဲဒီ အခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာက မြန်မာနိုင်ငံအတွက် မေးခွန်းတရပ်အဖြစ် ဆက်လက်ရှိနေလိမ့်ဦးမယ်လို့ ထင်မိကြောင်းပါဗျာ။

No comments: