Wednesday, July 20, 2016

သံသယရှိရသည့် မြန်မာစက်လှေတစ်စီးအား အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းဆီးထား

Rediff

အန်ဒါမန်ကျွန်းစုများအနီး ခုတ်မောင်းနေသည့် မြန်မာနိုင်ငံမှ စက်လှေတစ်စီးကို အိန္ဒိယကမ်းခြေစောင့်တပ် ICG က ဇူလိုင် ၁၈ ရက် ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း rediff သတင်းတွင် ဖော်ပြသည်။ ယင်းစက်လှေနောက်သို့ ICG သင်္ဘောများက နှစ်နာရီကြာလိုက်လံပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ICG သင်္ဘောနှစ်စင်းဖြစ်သော Rajkamal နှင့် Bhikaji Cama သင်္ဘောနှစ်စင်းက ည ၁၁ နာရီဝန်းကျင်၌ ကျွန်းစု၏ မြောက်ပိုင်း ပုံမှန်ကင်းလှည့်ချိန်တွင် ယင်းစက်လှေကို ထောက်လှမ်းမြင်တွေ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာစက်လှေထံ လုံခြုံရေးတပ်က လှမ်းဆက်သွယ်ကြောင်း၊ သို့သော်လည်း ယင်းစက်လှေဖက်က တုံ့ပြန်ခြင်းမရှိ၍ အနောက်က လိုက်လံကြခြင်းဖြစ်ကြောင်း၊ နှစ်နာရီကြာ လိုက်လံခဲ့ရပြီးနောက် ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

သစ်သားစက်လှေသည် မည်သည့်နိုင်ငံအလံမှ လွှင့်ထူထားခြင်းမရှိသကဲ့သို့ စက်လှေကိုယ်ထည်တွင် မှတ်ပုံတင်ထားသည့် နာမည်လည်း ရေးထားခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

လိုက်လံဖမ်းဆီးစဉ် စက်လှေပေါ်ပါသူများက လှေပေါ်မှ ပစ္စည်းအချို့ကို ပင်လယ်တွင်း ပစ်ချကြကြောင်း၊ ထိုကြောင့် သံသယပိုရှိရကြောင်းလည်း ၎င်းတာဝန်ရှိသူများက ဆိုသည်။ ထိုနောက် ကမ်းခြေစောင့်တပ်က စက်လှေသင်္ဘောဦးသို့ သတိပေးပစ်ခတ်မှုများ လုပ်မှ ရပ်တန့်ခြင်းဖြစ်သည်။

ယင်းစက်လှေ ရပ်သွား၍ ဖမ်းဆီးရာတွင် စက်လှေပေါ် လူ ၁၁ ဦး ပါရှိပြီး အားလုံးက မြန်မာနိုင်ငံမှ ဖြစ်ကြကာ လိုအပ်အထောက်အထားပတ်စ်ပို့များလည်း ပါရှိခြင်း မရှိကြောင်း သိရသည်။

စက်လှေပေါ်တွင် လောင်စာဆီနှင့် ရေ အများအပြားတင်ဆောင်လာခဲ့သည်ကိုလည်း တွေ့ရပြီး အိန္ဒိယရေပြင်အတွင်း ရောက်ရှိနေသည့် အကြောင်းကိုလည်း ခြေခြေမြစ်မြစ်အကြောင်းပြချက် ပေးနိုင်ခြင်း မရှိကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

No comments: