Monday, July 18, 2016

အစွန်းရောက်အကြမ်းဖက်ဝါဒ အထူးအလေးထားဆွေးနွေးခဲ့ဟု ဦးထင်ကျော် ပြော

DVB


အာရှ-ဥရောပ ထိပ်သီးစည်းဝေးပွဲမှာ အစွန်းရောက်၊ အကြမ်းဖက်ဝါဒပေါ်ထွက်လာခြင်းကိစ္စရပ်ကို အထူးအလေးထားပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတဦးထင်ကျော် က ပြောပါတယ်။

ဇူလိုင် ၁၆ ရက်က မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ၁၁ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးစည်းဝေးပွဲအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်က ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒေသကြီးနှစ်ခုစလုံး ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းရမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ ယင်းတို့ထဲတွင် သမာရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ အခက်အခဲများ၊ အထူးသဖြင့် အစွန်းရောက်၊ အကြမ်းဖက်ဝါဒပေါ်ထွက်လာခြင်း၊ တရားဥပဒေစိုးမိုးမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ ပြည့်နှစ်အစီအစဉ်၊ အားလုံးပါဝင်သောဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ သဘာဝဘေးဖြစ် ပွားနိုင်မှုကို စီမံဆောင်ရွက်ခြင်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပါတယ်။”

ဒါ့အပြင် သမ္မတဦးထင်ကျော်က “တိုင်းပြည်များအနေဖြင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင် ရန်နှင့် အချုပ်အခြာအာဏာစိုးမိုးမှုအတွက် တူညီသော အမြင်များ၊ ခြား နားသော ပန်းတိုင်များရှိသည်မှာ သဘာဝကျပါတယ်၊ သို့သော် ယင်းအချက်သည် အခက် အခဲတစ်ခု မဖြစ်စေဘဲ မိမိတို့အကြား ကွဲပြားခြားနားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အခွင့်အလမ်း တစ်ခုသာ ဖြစ်သင့်ပါတယ်၊ အာရှ-ဥရောပ လက်တွဲဆောင်ရွက် မှုမှတစ်ဆင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ဥရောပတိုက်နှင့် အာရှတိုက် ၂ ခုရှိ ပြည်သူများအတွက်သာမက ကမ္ဘာ့ပြည်သူများအတွက်ပါ အကျိုး ရှိစေမည်ဟု မျှော်လင့်ပါတယ်။”လို့ ပြောခဲ့ပါသေးတယ်။

ဇူလိုင် ၁၅ နဲ့ ၁၆ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့က ၁၁ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးစည်းဝေးပွဲကို အာရှဘက်မှ အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ် အပါအ၀င် ၂၁ ဦး၊ ဥရောပဘက်မှ ၃၁ ဦး ကိုယ်စားပြုတက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်း နေပြည်တော်မှာ ၁၃ ကြိမ်မြောက် အာရှ- ဥရောပ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်တယ်လို့လည်း သမ္မတဦးထင်ကျော်က အသိပေးပြောကြားခဲ့ပါတယ်။

No comments: