Monday, July 18, 2016

လေမုန်တိုင်းကြောင့် ပျက်စီခဲ့သော ရခိုင်မှ စာသင်ကျောင်း ၅ နှစ်ကျော်ကြာသော်လည်း မပြုပြင်

ကောင်းမြတ်နိုင်(မောင်တော)


ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ငွေတောင်(ခေါ်) င/လှမ်းပြင်ကျေးရွာ မူလတန်းကျောင်းသည် ၂၀၁၂ ခုနှစ် မေလက တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ပြုပြင် တည်ဆောက်ခြင်း မရှိသေးသဖြင့် ကလေးငယ်များ ပညာသင်ကြားရေးမှာ အထူးအခက်အခဲ ဖြစ်ပေါ် လျက်ရှိနေကြောင်း ရပ်သူရွာသားများက နိရဉ္စရာသို့ သတင်းပေးပို့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန့်ဖေအား ဆက်သွယ်မေးမြန်းရာ အထောက်အထားများ အပြည့်အစုံနှင့် ကျောင်းကို ပြုပြင်တည်ဆောက်ရန် အထက်ကို တင်ပြထားကြောင်း၊ သို့သော်လည်း ယခုနှစ် ဘတ်ဂျက် ၂၀၁၆-၂၀၁၇ တွင်လည်း ကျောင်းပြုပြင်ရန် ဘတ်ဂျက် မပါဝင်ကြောင်း ပြောကြားသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်သန်းလှက ငွေတောင်ကျေးရွာ မူလတန်းကျောင်းတွင် ငါးတန်းကနေ ရှစ်တန်းထိ ကျောင်းသား ၃၀ ရှိပြီး မူလတန်းအဆင့်တွင် ကျောင်းသား ၇၀ ခန့်ရှိကြောင်း၊ စာသင်ကျောင်းမရှိ၍ ကျေးရွာစာကြည့်တိုက်နှင့် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် စာသင်ကြားနေရကြရကြောင်း ပြောကြားသည်။

” စာသင်ကျောင်းမရှိတာ ၅ နှစ်လောက် ရှိနေပါပြီ။ ရွာက စာကြည့်တိုက်နဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ အဆင် ပြေသလို သင်နေကြရပါတယ်။ မိုးရွာလို့ ရေကြီးရင် စာသင်တာကို ပိတ်ထားရပါတယ်။ ခုလည်း မိုးရွာလို့ ရေကြီးတာကြောင့် ကျောင်းမဖွင့်ရတာ ၂ ရက် ၃ ရက်ရှိပါပြီ” ဟု ဇူလိုင်လ ၁၄ ရက် မနက်ပိုင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောင်းသား ၁၀၀ ခန့် သင်ကြားနေသော ၎င်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး တစ်ယောက်တည်းသာ ရှိကြောင်း၊ ဆရာကြီးမှာလည်း သြဂုတ်လတွင် ပင်စင်ယူမည် ဖြစ်ကြောင်း၊ ဆရာမ တစ်ယောက် အသစ်ကျသည်ဟု သတင်းကြားသော်လည်း ယခုအချိန်ထိ မရောက်သေးကြောင်း ဒေါ်သန်းလှက ဆက်လက် ပြောကြားသည်။

ကျောင်းအုပ်ဆရာကြီး ဦးကျော်ခင်အား နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ သူက “လေမုန် တိုင်းကြောင့် စာသင်ကျောင်းပျက်စီးသွားတာ ၅ နှစ်ကျော်ရှိပါပြီ။ မြို့နယ်ကတာဝန်ရှိသူတွေကို တင်ပြ ထားသလို ပြည်နယ်ကိုလည်း တင်ပြထားပါတယ်။ မြို့နယ်ပညာရေးမှူးကတဆင့် အခြေခံပညာ ဦးစီးဌာန ကိုလည်း ဓါတ်ပုံအထောက်အထားတွေနဲ့ အကြိမ်ကြိမ်တင်ပြထားပါတယ်။ ဒီနှစ်နွေရာသီကလည်း ထပ်ပြီး တင်ပြထားပါတယ်။ စာသင်ကျောင်း မရှိတော့ ကျောင်းရှေ့က စာကြည့်တိုက်မှာ အခက်အခဲတွေနဲ့ သင်ပေးနေရပါတယ်။ ကျွန်တော်တို့ကလည်း ကျောင်းဆောင်နဲ့ပြန်ပြီး ကောင်းကောင်းမွန်မွန် ကလေးတွေကို စာသင်ပေးချင်ပါတယ်” ဟု ပြောဆိုသည်။

ကျေးရွာ ကျောင်းသားမိဖ တစ်ဦး ဖြစ်သူ ဦးလေအောင်က “၂၀၁၂ မေလက လေမုန်တိုင်းကြောင့် ကျောင်းဆောင်ရဲ့ နံရံနဲ့ အမိုးအကာတွေ ပျက်စီးသွားတာပါ။ မြို့နယ်ပညာရေးဌာနကတော့ ပထမ သွပ်ပြား ၁၅၆ ချပ်ပေးပါတယ်။ ဒါပေမယ့် ပညာရေးမှူးကို အဲဒီသွပ်ပြားတွေ ထုတ်ပေးတဲ့ အတွက် ငွေကျပ် ခုနှစ် သိန်းပေးခဲ့ရပါတယ်။ ပစ္စည်းထုတ်ပေးသူနဲ့ နောက်တစ်ယောက်ကို ငွေနှစ်သောင်း ပေးခဲ့ရပါတယ်။ ကျွန်တော်တို့ကို သွပ်ပြားတွေ ရအောင် လုပ်ပေးတယ်ဆိုပြီး ဒုပညာရေးမှူး ကိုကျတော့ သွပ်ပြား ၁၂ ချပ်ပေးခဲ့ရပါတယ်” ဟု ပြောသည်။

သို့သော်လည်း ၂၀၁၂ ဇွန်လတွင် စတင်ဖြစ်ပွားခဲ့သော ရခိုင်- ဘင်္ဂလီ အရေးအခင်း အပါအ၀င် ခေါင်းမိုးပြင်ဆင်ခ မတတ်နိုသဖြင့် ကျောင်းကို ပြန်လည် ပြုပြင်နိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။

ကျောင်းသားမိဖ တစ်ဦးဖြစ်သူ ဦးလေသာအောင်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန့်ဖေအား နိရဉ္စရာမှ ဆက်လက် မေးမြန်းရာ မိမိမှာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ မြို့နယ် ပညာရေးမှူးတာဝန်ဖြင့် ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိလာသဖြင့် ယခင် ဖြစ်ပျက်ခဲ့မှုများကို သူ့အနေဖြင့် မသိရှိဟု ပြောဆိုသည်။

ယခု ကျောင်းကိစ္စနှင့် ပတ်သက်ပြီး ရွာသားများက ဘူးသီးတောင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြ ထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်ပညာရေးမှူးလာရောက် စစ်ဆေးရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် ပညာရေးဌာနတွင် ခရီးစရိတ် မရှိသဖြင့် မြို့နယ်ပညာရေးမှူး လာရောက် စစ်ဆေးရာတွင် ကုန်ကျမည့် အသုံးစာရိတ် ငါးသောင်းကျပ် ပေးရမယ် ပြောဆိုကြောင်း၊ ရွာသားအများစုမှာ မရှိဆင်းရဲသားများ ဖြစ်၍ မပေးနိုင်သဖြင့် မြို့နယ် ပညာရေးမှူး အပါအ၀င် မည်သူ တစ်ဦးတစ်ယောက်မှ စစ်ဆေးရန် ရောက်ရှိလာခြင်း မရှိကြောင်း ဦးလေသာအောင်မှ နိရဉ္စရာ သတင်းဌာနသို့ ရှင်းလင်း ပြောကြားသည်။

ယခင်ကျောင်းဆောင်နှင့် စာကြည့်တိုက်မှာလည်း အစိုးရက တည်ဆောက်ပေးခြင်း မဟုတ်ဘဲ နိုင်ငံခြား အန်ဂျီအို တစ်ခုဖြစ်သည့် UNDP ကဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments: