စံမောင်သန်း၊ စစ်တွေ
မင်းပြားမြို့နယ်မှ လူမှု အဖွဲ့အစည်းများသည် တောင်ကုတ်နှင့် သံတွဲမြို့နယ်တွင် ဒုက္ခကျရောက်လျက် ရှိကြသော ရေဘေးဒုက္ခသည်များကို ဇွန်လ ၂၃ ရက်နေ့က ကျပ်ငွေ (၆၁) သိန်း သွားရောက် ကူညီ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။
ပါဝင်ကြသော မင်းပြားမြို့အခြေစိုက် အဖွဲ့အစည်းများမှာ စည်းထိန်းရဟန်းတော်များ၊ ဥာတကာနိဉ္စ သင်္ဂဟ ဖေါင်ဒေးရှင်း၊ “ဇ”ဖေါင်ဒေးရှင်း၊ ကျိန်းရိပ်ဂရုနာ လူမှုကူညီရေး အသင်းနှင့် ကျိန်းရိပ်မင်္ဂလာ လူမှုကူညီရေးအသင်းတို့ ဖြစ်ကြသည်။
ယင်းသို့ ကူညီရာတွင် တောင်ကုတ်မြို့နယ်တွင် ရေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၅ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ရေဘေးကြောင်း ပျက်စီးသွားသည့် အိမ် ၆ လုံးအတွက် တစ်အိမ်လျှင် ၂ သောင်းကျပ်နှုန်းဖြင့်လည်းကောင်း ကူညီခဲ့သည်ဟု မင်းပြား ဒေသခံ ဦးသိန်းဇံကပြောသည်။
သံတွဲမြို့နယ်သို့ သွားရောက် ကူညီရာတွင် ပုရစ်ကျေးရွာတွင် အိမ်ခြေ ၁၂၁ ဆောင်၊ ရေကောက် ကျေးရွာတွင် အိမ် ၄၈ ဆောင်နှင့် အမှတ် ၁ ရေအားလျှပ်စစ် မိသားစုနေအိမ် ၄၂ ဆောင်၊ စုစုပေါင်း မိသားစု ၁၂၁ စု အတွက် တစ်အိမ်ထောင်ကို ၂ သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ ကူညီခဲ့သည်ဟု သိရသည်။
သံတွဲမြို့နယ် ရွှေလှေကျေးရွာရှိ အိမ် ၈ ဆောင်အတွက် တစ် အိမ်လျှင် ၂ သောင်းခွဲကျပ်နှုန်းဖြင့် ကူညီခဲ့ပြီး ကိုယ်တိုင် မသွားရောက်နိုင်သည့် ကျေးရွာတစ်ရွာရှိ အိမ် ၁၉ ဆောင်အတွက် တစ်အိမ်ထောင်ကို ၂ သောင်းကျပ်နှုန်းဖြင့် ရခိုင်အမျိုးသားပါတီ သံတွဲမြို့နယ်ရုံးသို့ လွဲပြောင်း ပေးအပ် ကူညီခဲ့သည်ဟု ဦးသိန်းဇံက ပြောသည်။
ယင်းအပြင် ကျိန်းရိပ်ဂရုနာအဖွဲ့က ရေကောက်ကျေးရွာတွင် အင်္ကျီ ၄၈ ထည်နှင့် အမှတ် ၁ ရေအားလျှပ်စစ် မိသားစုအတွက် အင်္ကျီ ၄၂ ထည် လှူဒါန်းခဲ့သည်ဟု ပြောသည်။
သံတွဲမြို့နယ် ရေဘေးသင့် ကျေးရွာသားများအတွက် အိမ်ဆောက်လုပ် သံတွဲမြို့ရှိ ရခိုင်အမျိုးသားပါတီရုံးတွင် ဖွင့်လှစ်ထားသော အလှူလက်ခံဌာနသို့ ငွေ ကျပ် ၃ သိန်းကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်တို့အတွက် စုစုပေါင်း ကူညီပံ့ပိုး ပေးခဲ့ငွေ စုစုပေါင်းမှာ ၆၁ သိန်းကျပ် ရှိပြီး ယင်းသို့ ကူညီ ရခြင်းနှင့် ပတ်သက်၍ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ အောက်ပါအတိုင်းပြောသည်။
“ကျနော်တို့ ရခိုင်ပြည်မှာ သဘာဝ ဘေးအန္တရာယ်ကြောင့် အတိဒုက္ခ ရောက်ကြရရင် နေရာဒေသ မခွဲခြားဘဲ ကူညီကြတာဟာ အလွန်မွန်မြတ်တဲ့ လုပ်ရပ်ဖြစ်သလို ရခိုင်လူမျိုးအကြား ချစ်ခင် စည်းလုံး ကြဖို့ ပေါင်းကူးတံတား တည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ကူညီခြင်းအားဖြင့် ရခိုင် အမျိုးသားတွေဟာ ဘယ်နေရာ ဘယ်ဒေသမှာဘဲ နေနေ တစ်သွေးတည်း တစ်သားတည်း တစ်ယောက်နဲ့ တစ်ယောက် ကျောချင်းကပ် ညီညွတ်လျက် ရှိနေကြတယ် ဆိုတာကို ဖေါ်ပြရာလည်း ရောက်ပါတယ်” ဟု သူကပြောသည်။
လွန်ခဲ့သောနှစ် မိုးရာသီအတွင်းက မြောက်ဦး၊ မင်းပြား၊ ပုဏ္ဍားကျွန်းနှင့် ရသေ့တောင်မြို့နယ်များမှ ရေဘေးကြောင့် ဒုက္ခရောက်ကြရသူများကို သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ် လူမှု အဖွဲ့အစည်းများက ကုန်တင်ကားကြီးများဖြင့် ကိုယ်တိုင်သွားရောက်ပြီး ဆန်အပါအ၀င် ရိက္ခာ အစို၊ အခြောက်များကို အကူအညီများ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။
No comments:
Post a Comment