Saturday, July 16, 2016

ရှမ်းနီလူငယ်များအဖွဲ့ချုပ်၏ ပဏာမလူငယ်ညီလာခံ ကျင်းပနေ

အောင်ကိုဦး

ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ပဏာမလူငယ်ညီလာခံကို ဇူလိုင်လ ၁၅ရက်၊ နံနက် ၉ နာရီက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၉လမ်း၊ ဗန်းမော်ကျောင်းတိုက်ရှိ ဗုဒ္ဓတက္ကသိုလ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညီလာခံကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဆေဝမ်းဖှက"အဓိက ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့ ဒေသတွင်းမှာရှိတဲ့ ရှမ်းနီလူငယ်တွေပေါ့။ လူငယ်တွေအနေနဲ့ ဘာဆောင်ရွက်နိုင်မလဲ။ ဘာတွေဆောင်ရွက်ပေးနိုင်မလဲ။လူငယ်တွေရဲ့ရှိနေတဲ့ စွမ်းဆောင်ရည်ပေါ့။ ဘယ်လောက်ထိ တိုးမြှင့်မလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီညီလာခံကိုကျင်းပတာဖြစ်တယ်။" ဟုပြောသည်။

ဆက်လက်၍ ၎င်းက အမျိုးသားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊သတင်းနှင့်ပြန်ကြားရေးအကြောင်းရာများနှင့် ဥပဒေရေးရာများကို အဓိကထားဆွေနွေးသွားကြမည်ဟုဆိုသည်။

အဆိုပါညီလာခံသို့ တက်ရောက်လာသော မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများဆိုင်ရာ ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဦးက "ရှမ်းနီမျိုးနွယ်စုလူငယ်များအနေနဲ့ ကိုယ့်လူမျိုးရပိုင်ခွင့်တွေကို၊လုပ်ချင်တာတွေကို ကျွန်တော်တို့ကိုယ်စားလှယ်တွေကို တင်ပြပေးပါ။ လွှတ်တော်ကို အသုံးချပါ။ ကျွန်တော်တို့ လွှတ်တော်မှာ ဘာတွေလုပ်ရမယ်ဆိုတာ ဆွေးနွေးသွားကြပါမယ်။"ဟုပြောသည်။

ညီလာခံတွင် အမျိုးသားရေးအနေဖြင့် ရှမ်းနီးနွယ်ဖွားများ၏ အမျိုးသားရေး။ လက္ခဏာများကို အဓိကဖော်ဆောင်ရေး၊ နှစ်သစ်ကူးပွဲတော်များ၊ ဘာသာရေးဆိုင်ရာပွဲတော်များ၊ လူမှုရေးဆိုင်ရာပွဲတော်များ၏ ဓလေ့ထုံးတမ်းများ ဖော်ထုတ်ရေး၊ ရှမ်းနီနွယ်ဖွား တစ်မျိုးသားလုံး၏ အထိမ်းအမှတ်နေ့များ၊ အမျိုးသားရေး ဂုဏ်ထူးဝိသေသအား ဖော်ထုတ်ရေးနှင့် ရှမ်းနီနွယ်ဖွား အမျိုးသားသမိုင်းရာဇဝင်သစ် စုပေါင်းရေးသားခြင်းနှင့်အထင်ကရ သမိုင်းဝင် အမျိုးသား အကျိုးဆောင်ပုဂ္ဂိုလ်များအား ဂုဏ်ပြုဗိမာန်များ တည်ထောင်နိုင်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။

ထို့အပြင် ပညာရေးအတွက်လည်း ရှမ်းနီနွယ်ဖွားဒေသတိုင်းတွင် ရှမ်းနီအမျိုးသားပညာရေးစနစ် ဖွံ့ဖြိုးစေရန် ကျေးလက်နှင့်မြို့ပြပါမကျန် ရှမ်းနီစာပေ သင်ကြားနိုင်ရေး၊ ရှမ်းနီစာပေ မြင့်မားရေးအတွက် သူငယ်တန်း
(အခြေခံအဆင့်)မှ တက္ကသိုလ် (အဆင့်မြင့်တန်း)အထိ သင်ရိုးညွှန်းတမ်းများ ရေးသားပြုစုရေး၊ ကလေးလူငယ်ဆိုင်ရာ စာအုပ်များ၊ ကလေးသူငယ်အကျိုးပြုစာပေ၊ ဂီတ၊ ပန်းချီ၊ အနုပညာများ ဖန်တီးဖော်ထုတ်နိုင်ရေး၊ရှမ်းနီနွယ်ဖွား ဆရာ/ဆရာမများ ထွန်းကားတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာသင်တန်းများ၊ ကျောင်းများ၊ ကောလိပ်များဖော်ထုတ်နိုင်ရေး စသည်တို့ဖြစ်ပြီး ရှမ်းနီနွယ်ဖွားများနှင့် ပတ်သက်၍ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊ သတင်း နှင့်ပြန်ကြားရေးဆိုင်ရာများ နှင့် ဥပဒေရေးရာများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

ညီလာခံသို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ရှမ်းနီမျိုးနွယ်စု လူငယ် ၁၀၀ ဦးကျော်တက်ရောက်ပြီး ဇူလိုင်လ ၁၅ ရက်မှ ၁၇ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

ညီလာခံမှဆွေးနွေးရရှိသော ရှမ်းနီမျိုးနွယ်စုနှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် ရှေ့လုပ်ဆောင်ရမည့်အချက်များကို ထုတ်ပြန်မည်ဖြစ်သည်။

No comments: