Saturday, July 16, 2016

နိုင်ငံရေးသွေးထိုးလှုံ့ဆော်ဆန္ဒပြမှုများကို ချေဖျက်ရန်ရည်ရွယ်ပြီး အရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီဖွဲ့စည်း

မျိုးသူအောင်

အစိုးရသစ်က ဖွဲ့စည်းလိုက်သည့် အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်းများနှင့် ပတ်သက်၍ ဝေဖန်ကန့်ကွက်မှုများ ရှိနေသည်။

နိုင်ငံရေးသွေးထိုးလှုံ့ဆောင် ဆန္ဒပြမှုများကို ချေဖျက်ရန် အပါအဝင် ရည်ရွယ်ချက်အချို့ဖြင့် အဆိုပါ အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီကို ဇူလိုင်လ ၁၂ ရက်က နိုင်ငံတော် ဒုတိယ သမ္မတက (၂) က ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ အဖွဲ့ဝင် စုစုပေါင်း(၁၁)ဦးဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၅ရက်နေ့တွင် နိုင်င့တော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

"တကယ်တမ်း အဲ့ဒီကော်မတီမရှိတောင်မှ နိုင်ငံကော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) ရှိပြီးသားပေါ့နော်။ အဲဒါကြီးကနေပဲ အရမ်းအရေးကြီးလာတဲ့ အခြေအနေမှာ ဆုံးဖြတ်နေတာပဲလေ။ ဒီကော်မတီမရှိမဖြစ်ကြီး လိုအပ်တယ်လို့ ကျွန်တော်မမြင်ဘူး။ ဒါပေမယ့် ရှိနေတာကိုတော့ ကျွန်တော်တို့ ပြဿနာ တစ်ခုလို့မမြင်ဘူးဗျာ။ ဒါပေမယ့် အဲဒီ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို ဖော်ပြထားတဲ့အချက်တေါထဲမှာတော့ တော်တော်ကို ဆိုးဆိုးရွားရွားလို့ ကျွန်တော်တော့ ယူဆတယ်ဗျ"ဟု မြန်မာအမျိုးသားကွန်ကရက်မှ ကိုမိုးဃ်သွေးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များထဲတွင် နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုများဖြင့် အထွေထွေဆန္ဒပြမှု အသွင် ပြုလုပ်လာပါက ပြည်သူ့အားဖြင့် ပြန်လည် ဆန္ဒဖော်ထုတ်မှုဖြင့် ချေဖျက်ရန်၊ ဆန္ဒပြမှု၊ ဆူပူ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် သတင်းရရှိရေးအပြင် ဆန္ဒပြ ဆူပူ အကြမ်းဖက်နေစဉ်ကာလ လှုပ်ရှားမှု သတင်းမှန်သမျှကို ရယူ မှတ်တမ်းတင်ပြထားပြီး မမှန်မကန် ဝေဖန်ထိုးနှက်မှုများ ရှိပါက ထုတ်ဖော် တုံ့ပြန်ရန် စသည့်အချက်များ ပါရှိနေခြင်း ဖြစ်သည်။

ယင်းအချက်များနှင့် ပတ်သက်၍ "တန်ပြန် ဆန္ဒပြပွဲတွေ လုပ်သွားမယ်ဆိုတဲ့ ကိစ္စက အစိုးရ တစ်ရပ်အနေနဲ့ တော်တော်ကို မလုပ်သင့်တဲ့ ကိစ္စဗျ။ ဒါတွေက အာဏာရှင်အစိုးရတိုင်း လုပ်တဲ့အကျင့်တွေဗျ"ဟု သူက ထောက်ပြပြောဆိုသည်။

ထို့ပြင် ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည့် "မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆက်စပ် ဆောင်ရွက်ပေးသွားရန်၊ လူမှုရေးအဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားရန်၊ မီဒီယာဖြင့် သွေးထိုးလှုံ့ဆော်မှုများ ရှိပါက ပြည်သူများက အဖြစ်မှန် သိရှိစေရန် မီဒီယာဖြင့် ရှင်းလင်းတုံ့ပြန်ရန်" ဆိုသည့် အချက်များနှင့် ပတ်သက်၍လည်း နိုင်ငံရေးလေ့လာသူများက ထောက်ပြဝေဖန်နေကြသည်။

မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းဆက်စပ်ဆောင်ရွက်ပေးသွားရန်ဟု ဆိုရာတွင် အဆိုပါအဖွဲ့များသည် ယခင်အစိုးရအဆက်ဆက် စွမ်းအားရှင်ပုံစံအဖွဲ့အစည်းများ ဖြစ်လာနိုင်သည်ကို အထူးသတိပြုသင့်သည်ဟု နိုင်ငံရေး လေ့လာသူ ဦးရန်မျိုးသိန်းက ထောက်ပြထားသည်။

ထို့ပြင် "မီဒီယာဖြင့် သွေးထိုးလှုံ့ဆော်မှုများ ရှိပါက ပြည်သူများက အဖြစ်မှန် သိရှိစေရန် မီဒီယာဖြင့် ရှင်းလင်းတုံ့ပြန်ရန်" ဆိုသည့် အချက်နှင့် ပတ်သက်၍ သတင်းမီဒီယာများသည် ပြည်သူလူထု၏ နားနှင့်မျက်စိဖြစ်သည့်အပြင်၊ အစိုးရ၊ လွှတ်တော် နှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ကို ထိန်းကျောင်းမည့် စတုတ္ထမဏ္ဍိုင်ဖြစ်သည်ကို ငြင်းဆန်လိုသည့် သဘောသက်ရောက်နေသည်။ မီဒီယာများက သွေးထိုးလှုံဆော်သည့်သဘော အာဏာရှင် အစိုးရအဆက်ဆက်လက်ခံလာခဲ့သည့်ဘောင်ထဲတွင် လက်ရှိ အစိုးရအနေဖြင့် မီဒီယာကို ရန်သူသဖွယ်ဆက်ဆံ၊ ချေမှုန်းလာမည်လား စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးကာကွယ်နိုင်ရေး စီမံပေးရန်တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ဆန္ဒပြ ဆူပူ အကြမ်းဖက်မှု အမျိုးအစားအလိုက် ကိုင်တွယ်ထိန်းသိမ်းနိုင်မည့် စီမံခန့်ခွဲမှုများကို ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက အသေးစိတ် ညှိနှိုင်း၍ စီမံချက် ရေးဆွဲ ဆောင်ရွက်သွားရန်ဟုလည်း ပါရှိသည်။

No comments: