Wednesday, August 24, 2016

ဘူးသီးတောင်မှ နိုင်ငံသားပြုခွင့်ကိစ္စ ရခိုင် နယ်လုံဝန်ကြီးကိုယ်တိုင် သွားရောက်ရှင်းလင်းရ

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ်မှ ဘင်္ဂလီ လူမျိုး ၂၉ ဦးကို သြဂုတ်လ ၁၃ ရက်နေ့က နိုင်ငံသား ပြုခွင့် ပေးလိုက် သည့်အပေါ် ဒေသခံများ မကျေနပ်၍ လူထု အစည်းအဝေး လုပ်ပြီး ကန့်ကွက် ခဲ့ကြသဖြင့် ရခိုင်ပြည်နယ် နယ်လုံးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကိုယ်တိုင် ဘူးသီးတောင်မြို့သို့ လာရောက် ရှင်းလင်းခဲ့ရသည်ဟု သတင်း ရရှိသည်။

“ဒေသခံများနဲ့ လာရောက်တွေဆုံရာမှာ နယ်လုံဝန်ကြီး အဖွဲ့နဲ့ ပြောတာကတော့ အခု ဘင်္ဂလီ ၂၉ ဦးကို နိုင်ငံသားပြုခွင့်ပေးလိုက်တာဟာ မှန်ကန်တဲ့ အကြောင်းနဲ့ ၁၉၄၈ ခုမတိုင်ခင်ကပင်ရောက်ရှိနေတဲ့သူတွေ ဖြစ်တာကြောင့် ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့အညီလုပ်ဆောင်ရတာ ဖြစ်ကြောင်း တက်ရောက်လာတဲ့ သံဃာတော်တွေကို လျှောက်ထား ပြောဆိုပါတယ်” ဟု ဘူးသီးတောင်မြို့ ဧစေတီ ကျောင်းဆရာတော် ဦးသောမက နိရဉ္စရာသို့ ပြောသည်။

နယ်လုံဝန်ကြီး ဦးထိန်လင်းနှင့် ပြည်နယ် လဝကဦးစီးမှူး ဦးဝင်းလွင်၊ ပြည်နယ် ဒုရဲမှူး ဦးခင်ကျော် တို့လည်း အတူ လိုက်ပါပြီး ရှင်းလင်းခဲ့သည်ဟု သိရသည်။

သြဂုတ် ၁၇ ရက်နေ့က ဘူးသီးတောင်မြို့ ဧစေတီကျောင်းတွင် ပြုလုပ်ခဲ့သော လူထု အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီလူမျိုး ၂၉ ဦးအား ပြုနိုင်ငံသား အဖြစ် ခွင့်ပြုပေးရန် ထောက်ခံခဲ့သည့် မြို့နယ် နိုင်ငံသား စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ၆ ဦးအား အမျိုးသား သစ္စာဖောက် အဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့သလို ဘူးသီးတောင်မြို့ပေါ်ရှိ တိုင်ရင်းသား ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်များကို ရောင်းချတော့မည် ဖြစ်ကြောင်း လူပ်ရှား ကမ်ပိန်းတစ်ခုကိုလည်း စတင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

နယ်လုံဝန်ကြီးနှင့် အဖွဲ့ ဘူးသီးတောင်မြို့သို့ လာရောက်ခြင်းနှင့် ပတ်သက်ပြီး အစည်းအဝေး တက်ရောက် ခဲ့သူ ဘူးသီးတောင် ဒေသခံ ဦးသန်းလှိုင်က “ ၀န်ကြီးနဲ့ အဖွဲ့ကတော့ နိုင်ငံသားပြုခွင့် စိစစ်ရေးကော်မတီ အပေါ် ပွင့်လင်းမြင်သာမှုမရှိ၊ သစ္စာဖောက် ဆိုပြီးတော့ ကြေညာကန့်ကွက်ခဲ့တာကို ခုလို စုံစမ်း စစ်ဆေးဖို့ လာတာ ဖြစ်တယ်လို့ ပြောပါတယ်။ ပီးရင် ဘူးသီးတောင်မြို့ခံတွေ ပြုလုပ်တဲ့ ကန့်ကွက် ရှုတ်ချပွဲဟာ ဥပဒေနဲ့ မညီကြောင်းပြောပါတယ်။ စိစစ်ရေး ကော်မတီဝင် ၆ ဦး ဟာ ပြည်နယ်မှ ငါတို့ရဲ့ ခိုင်းစေ ချက်ကြောင့် လုပ်ဆောင်ရ တာဖြစ်တယ်လို့ လည်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ဒေသခံတွေကို ပြောကြားခဲ့ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

တွေ့ဆုံပွဲတွင် ဒေသခံများက ဘူးသီးတောင်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သည့် “အဏ္ဏ၀ါ” ဆိုသော အမျိုးသမီးကို နိုင်ငံသား တိုက်ရိုက်ပေးလိုက်ခြင်းနှင့် ပတ်သတ်ပြီးမေးမြန်းမှုများ ရှိခဲ့သည်ဟုလဲ ဦးသန်းလှိုင်က ဆက်လက်ပြောဆိုသည်။

“မြို့နယ် ထွေအုပ်က ခုလို နိုင်ငံသားပြုခွင့်ပေးလိုက်တာဟာ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ညီညွတ်မူ ရှိတယ်လို့ ပြောဆိုတဲ့ အတွက် ကျွန်တော်တို့ ဒေသခံတွေနဲ့ အငြင်းအခုံဖြစ်ကြတာတွေ ရှိပါတယ်။ အဲဒီ “အဏ္ဏ၀ါ” ဆိုတဲ့ အမျိုးသမီးကို နိုင်ငံသား အဖြစ် တိုက်ရိုက် ပေးလိုက်ခြင်းနဲ့ ပတ်သတ်ပြီး မေးမြန်းတဲ့အခါမှာ သူမရဲ့ မိဖနှစ်ပါးမှာ နိုင်ငံသားကဒ် ကိုင်ဆောင်ထားတဲ့ အတွက် ပေးလိုက်တာ ဖြစ်တယ်။ ဥပဒေမှာလည်း ပေးလို့ရတယ်ဆိုပြီးတော့ လ၀က ဦးစီးမှူး ဦးဝင်းလွင်က ရှင်းပြ ပြောခဲ့ပါတယ်” ဟု သူက ပြောကြားသည်။

ဒေသခံများက မြို့နယ်နိုင်ငံသား စိစစ်ရေး ကော်မတီတွင် ယခင်ကလို အများပြည်သူ လေးစား ကြည်ညိုသော အရပ်လူကြီးနှစ်ဦးကို ထည့်သွင်းရန် တောင်းဆိုခဲ့ကြပြီး ၎င်းလူကြီး နှစ်ဦးကို မထည့်သွင်းပါက လူထု၏ယုံကြည်မှုကို ရရှိနိုင်မည် မဟုတ်ကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။

ယခင်က မြို့နယ်တိုင်းရှိ နိုင်ငံသား စိစစ်ရေးကော်မတီတွင် အများပြည်သူက လေးစားကြည်ညိုသော လူနှစ်ဦးစီကို ထည့်သွင်းခဲ့ကြောင်း၊ NLD ဦးဆောင်သော လူထု အစိုးရတက်လာပြီးမှ အရပ်ဘက် လူထု ပါဝင်မှုကို ပစ်ပယ်လိုက်ကြောင်း၊ ထိုသို့ ထုတ်ပယ်လိုက်ခြင်းမှာ အစိုးရမှ သူတို့ပါနေလျင် လုပ်ချင်သလို လုပ်၍ မရနိုင်ဟု ယူဆ၍ ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရာတွင် အရပ်ဘက် လူကြီးများ မပါဝင်လျင် လူထု ယုံကြည်မှုကို ရရှိမည် မဟုတ်ကြောင်း၊ သို့အတွက် အရပ်သား နှစ်ဦးကို ထည့်သွင်းရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆရာတော် ဦးသောမမှ ပြောကြားသည်။

No comments: