Tuesday, September 13, 2016

ANP ပါတီအတွင်း သဘောထား ကွဲလွဲမှု ဖြစ်ပေါ်

ခင်ဦးသာ


ရခိုင် အမျိုးသားပါတီ (ANP) ၏ ဗဟိုအဖွဲ့ဝင်များကြား သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ANP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့အား ၂၀၁၄ ခုနှစ်တွင် ပေါင်းစည်း ထားခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင်လည်း ရခိုင် ပြည်နယ်၌ အပြတ်အသတ် အနိုင်ရထားသည့် ပါတီ ဖြစ်သည်။

ယခုအခါ ANP ၏ ပါတီ ဗဟိုအဖွဲ့ဝင် ALD နှင့် RNDP အုပ်စုတို့ကြား သဘောထား ကွဲလွဲနေမှုသည် ပါတီပြိုကွဲရေးသို့ ဦးတည်နေကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ပါတီတွင်း မပြေလည်မှုများနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ALD ဗဟိုအဖွဲ့ဝင်ဟောင်းများက ရန်ကုန်မြို့၌ အစည်းအဝေး တရပ်ပြုလုပ်ပြီး ရှေ့ဆက် မည်သို့ ဆောင်ရွက်ကြမည်ကို ဆွေးနွေးခဲ့ကြကြောင်း ALD ၏ အတွင်းရေးမှူး ဟောင်းဖြစ်သူ ဦးမျိုးကျော် က ဧရာဝတီ ကို ပြောသည်။

ဦးမျိုးကျော် က “ပါတီအသစ် တည်ထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မချရသေးပါဘူး၊ ဗဟိုအဖွဲ့ဝင် အများစုက တော့ ပါတီသစ် ထောင်ချင်တဲ့ ဆန္ဒရှိပါတယ်၊ ဒါပေမယ့် မြို့နယ်အသီးသီးက အဖွဲ့ဝင်တွေ၊ ဒေသခံတွေနဲ့တွေ့ဆုံပြီးမှ ဆုံး ဖြတ်ရမှာပါ”ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပါတီဝင်များနှင့် လာမည့် အောက်တိုဘာလတွင် တွေ့ဆုံပွဲများပြုလုပ်၍ ၎င်း တို့၏ ဆန္ဒသဘောထားများကို ကောက်ခံသွားမည်ဟုလည်း ဦးမျိုးကျော် က ပြောသည်။

ဦးမျိုးကျော် အပါအ၀င် ALD ဗဟိုအဖွဲ့ဝင်ဟောင်း တချို့သည် ပါတီ၏ စည်းကမ်းလိုက်နာမှု မရှိဟု ဆိုကာ ANP ပါတီမှ ထုတ်ပယ် ခံထားရသူများ ဖြစ်ကြောင်းလည်း သိရသည်။

ANP ပါတီ၏ ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး ကမူ အကယ်၍ ALD အဖွဲဝင်ဟောင်းများအနေဖြင့် ANP ပါတီမှ ခွဲထွက်၍ ပါတီသစ် တခု တည်ထောင်မည်ဆိုပါကလည်း တရားဝင် စာတင်ပြီး နုတ်ထွက်မည်ဆိုပါက ကန့်ကွက်စရာမရှိကြောင်း၊ ရခိုင် ပြည်နယ် ၏ လက်ရှိ အခြေအနေအရ ပါတီ သစ် ထောင်ခြင်း မထောင်ခြင်းသည် အဓိက မဟုတ်ဘဲ အမျိုးသားရေးကို ဦးစားပေး လုပ်ဆောင်မှုကသာ အဓိက ကျမည် ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

၎င်းက ဆက်လက်၍ “ရခိုင်ပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေဟာ ပါတီတခုမှာ ခေါင်းဆောင်ပိုင်း နေရာရခြင်း မရခြင်း ထက် အမျိုးသားရေးအပေါ်မှာ အခြေခံပြီးတော့ စည်းစည်းလုံးလုံး လုပ်ဆောင်သင့်တဲ့ အခြေအနေပါ။ ဒါကြောင့် ပါတီသစ် ထောင်တာကို အပြစ် မပြောလိုပေမယ့် စဉ်းစားကြပါဦးလို့ပဲ ပြောချင်ပါတယ်၊ အချင်းချင်း သည်းခံပြီး လုပ်စေချင်တယ်”ဟု လည်း ပြောဆိုသည်။

ANP ပါတီအတွင်း သဘောထားကွဲလွဲမှုသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် သံတွဲမြို့ ငပလီကမ်းခြေ၌ ပြုလုပ်ခဲ့သည့် ပါတီ ညီလာခံပြီးသည့် အချိန်ကပင် စတင်ခဲ့ခြင်းဖြစ်သည်။

ညီလာခံမှ ရွေးချယ်လိုက်သည့် ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့၌ RNDP ကသာ နေရာ အများစုကို ရယူလိုက်ခြင်း အပေါ် ALD အဖွဲ့များက ကျေနပ်မှု မရှိခဲ့ကြကြောင်း သိရသည်။

ALD အဖွဲ့ဝင်များအား ANP ဗဟိုမှ ဖယ်ထုတ်ရေးကို လုပ်ဆောင်နေသည်ဟုလည်း ALD အဖွဲ့ဝင်ဟောင်းများက ပြောဆိုမှု များလည်း ရှိနေသည်။

ထိုသို့ ပြောဆိုမှုသည် စွပ်စွဲမှုတခုသာ ဖြစ်ကြောင်း ဦးခိုင်ပြည်စိုး က ပြောသည်။

ANP ပါတီ အတွင်း သဘောထား ကွဲလွဲမှုသည် အောက်ခြေ ပါတီဝင်များ၊ ပြည်သူများကြောင့် မဟုတ်ဘဲ ပါတီ ထိပ်ပိုင်း ခေါင်း ဆောင် တချို့၏ ပုဂ္ဂိုလ်ရေး ရှေးတန်းတင်မှု၊ အာဏာ လွန်ဆွဲမှုတို့ကြောင့်သာ ဖြစ်ကြောင်း ရခိုင်နိုင်ငံရေး အသိုင်း အ၀ိုင်းက ပြောဆိုသည်။

ALD နှင့် RNDP ပါတီ ၂ ခု ပေါင်းစည်း ခဲ့ခြင်းသည်လည်း ပြည်တွင်း ပြည်ပရှိ ရခိုင် ပြည်သူများ၊ ဆရာတော်၊ သံဃာတော် များ၏ တိုက်တွန်းချက်အရ ပေါင်းစည်း ထားခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်သူများ၏ တောင်းဆိုချက်အရ တည်ထောင်ခဲ့သည့် ရခိုင် အမျိုးသားပါတီ (Arakan National Party-ANP) အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် မတ်လ ၆ ရက် ရက်စွဲဖြင့် တရားဝင် မှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ် သည်။

ထိုအချိန်မှ စ၍ ALD နှင့် RNDP ပါတီ နှစ်ခုမှာလည်း ဥပဒေအရ ပါတီ အသီးသီး အဖြစ်မှ ဖျက်သိမ်းပြီး ဖြစ်သည်။

ANP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် နေရာပေါင်း ၄၇ နေရာ အနက် ၂၃ နေ ရာ အနိုင်ရထားပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့၌ ၂၂ နေရာ ရွေးချယ်ခံထားရကာ ရခိုင်ပြည်နယ်၌ အင်အား အကြီးဆုံး ရခိုင်နိုင်ငံရေးပါတီ ဖြစ်သည်။

No comments: