Wednesday, September 21, 2016

မန္တလေးတွင် တရုတ်လုပ်ငန်းရှင်များ သီးနှံ လာရောက်စိုက်ပျိုးမှုများရှိနေ

မြတ်ပြည့်ဖြိုး


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများကို ငှားရမ်းကာ ဖရဲ၊ သခွားမွှေး များ လာရောက်စိုက်ပျိုးနေသည့် တရုတ်လူမျိုး လုပ်ငန်းရှင်များ ရှိနေကြောင်း သိရသည်။

ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီး၊ ငါန်းဇွန်နှင့် မြင်းခြံမြို့နယ်တို့တွင် တရုတ်နိုင်ငံသားများက မြေပိုင်တောင်သူထံမှ လယ်မြေအား စာချုပ်ဖြင့် ငှားရမ်းကာ ဖရဲ၊ သခွားမွှေး သီးနှံများကို လာရောက်စိုက်ပျိုးကြခြင်းဖြစ်သည်။

မန္တလေးတိုင်း တံတားဦးမြို့နယ်မှ သခွားစိုက်တောင်သူ ကိုခိုင်ဇော်က “တရုတ်တွေက အုပ်စုလိုက်စုပြီး ဧကရာနဲ့ချီ စိုက်ကြတာ၊ မြန်မာတွေက အဲဒီလောက် ငွေအင်အား မတတ်နိုင်သလို သူတို့ကကြေး ကြီးကြီး ပေးငှားတော့ တောင်သူတွေလည်း ခေါင်းမမာနိုင်ဘဲ ကြည့်နေရတာတွေရှိတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသားများက ဖရဲ၊ သခွားမွှေးစိုက်ပျိုးရန်အတွက် တောင်သူများထံမှ မြေ ၁ ဧကလျှင် ၂ သိန်းမှ ၅ သိန်းကျပ်အထိ ပေးကာ ငှားရမ်းကြကြောင်း၊ မြေငှားစာချုပ် ချုပ်ဆိုသည့်အခါ ကိုယ်တိုင် မချုပ်ကြဘဲ အမည်ခံချုပ်ဆိုသူများနှင့်သာ စာချုပ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်နီးမှ ငွေအရင်းအနှီးထုတ်သူများက ရောက်ရှိ လာကာ ငှားရမ်းထားသည့် လယ်မြေများတွင် တဲထိုးကာ နေထိုင်ကြကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ လယ်မြေများ ငှားရမ်းကာ ဖရဲ၊ သခွားမွှေးစိုက်ပျိုးနေခြင်း လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားများကို စိုက်ပျိုးရေးရှုထောင့်မှ ကန့်သတ် မရနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဦးက ပြောသည်။

“တောင်သူနဲ့ နိုင်ငံခြားသား ဖက်စပ်အကျိုးတူ၊ သူတို့ဘာသာနားလည်မှုနဲ့ လုပ်တဲ့ကိစ္စဖြစ်လို့ ကျနော်တို့ မသိနိုင်ပါဘူး။ အဲဒါကို ကန့်သတ်ချုပ်ချယ်တာလည်း မရှိသလို ဒီနိုင်ငံခြားသားတွေက တရားဝင်လား၊ မ၀င်သလား စစ်ဆေးရမှာကတော့ လ၀ကတို့၊ အုပ်ချုပ်ရေးတိုနဲ့သက်ဆိုင်ပါတယ်။ ကျနော်တို့ဘက်က ပိုးသတ်ဆေးနဲ့ မြေသြဇာ အသုံးပြုမှုကိုသာ စိစစ်လို့ ရနိုင်မယ်။” ဟု ၄င်းက ပြောသည်။

ယခုနှစ်မှ စတင်ကာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူအမည်၊ မှတ်ပုံတင်အမှတ်၊ ကျေးရွာ၊ ကွင်းအမှတ်၊ စိုက်ဧက စသည့် စာရင်းအချက်အလက်များကို သက်ဆိုင်ရာဌာနက လာရောက် ကောက်ခံမှုရှိကြောင်း တံတားဦးမြို့နယ်ရှိ တောင်သူများထံမှ သိရသည်။

နိုင်ငံခြားသားများက မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ တရားမ၀င် စိုက်ပျိုးနေသည့်ကိစ္စအား ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံ ဖရဲသခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့က ဦးဆောင်ကာ မန္တလေးတိုင်းအပါအ၀င် ပြည်နယ်နှင့်တိုင်း ၆ ခုတို့မှ ဖရဲသခွား စိုက်ပျိုးသူပေါင်း ၃၀၀ ကျော်၏ လက်မှတ်များဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ တင်ပြ ခဲ့သော်လည်း ယနေ့ထိ ထိရောက်သည့် အရေးယူမှု မရှိသေးကြောင်း ၄င်းအဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ဦးစိုးဝင်းက ပြောသည်။

မြေငှားရမ်းကာ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်သည့်အခါ သတ်မှတ်ထားသည့် မြေသြဇာထက် အလွန်အကျွံသုံးစွဲမှုများ ရှိနေခြင်း၊ တရားမ၀င် ပိုးသတ်ဆေးများ အသုံးပြုခြင်းတို့ကြောင့် တရုတ် လုပ်ငန်းရှင်များ ငှားရမ်း အသုံးပြုခဲ့သည့် မြေအများစုသည် သီးနှံပြန်လည်စိုက်ပျိုး၍ မရတော့ဘဲ မြေဆီလွှာပျက်စီးခြင်းများနှင့် ကြုံတွေ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ဖရဲသခွား စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်သလို ဖရဲစိုက်တောင်သူလည်းဖြစ်သည့် ဦးစိုးဝင်းက ပြောသည်။

ဦးစိုးဝင်းက “မြန်မာပြည်မှာ သုံးခွင့်မရှိတဲ့ မြေသြဇာတွေ သုံးနေကြတဲ့အပြင် သတ်မှတ်ရာခိုင်နှုန်းထက် ပိုသုံးတာ တွေကိုလည်း တွေ့ရတယ်။ သူတို့ ငှားပြီးတဲ့မြေပေါ်မှာ သာမန်မြေဆီသုံးပြီးစိုက်ရင် သီးနှံက မဖြစ်တော့ဘူး။ အခုဆို ဖရဲစိုက်ဖို့ တရုတ်တွေအများကြီးကွင်းထဲဆင်းလာကြပြီ” ဟု ရှင်းပြသည်။

ပြီးခဲ့သည့်ဇူလိုင်လက မြစ်သားမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် တရုတ်ကုမ္ပဏီတခုက ငှားရမ်းထားသည့် ဂိုဒေါင်အတွင်းမှ တရားမ၀င်ပိုးသတ်ဆေးများ သိုလှောင်ထားရှိမှုဖြင့် အိမ်ပိုင်ရှင်အား အမှုဖွင့်အရေးယူထား ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသကြီး အတွင်း ဖရဲစိုက်ပျိုးမှု ဧက ၉၀၀၀ ကျော်နှင့် သခွားမွှေး စိုက်ပျိုးမှု ဧက ၃၂၀၀ ကျော်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

No comments: