Thursday, September 8, 2016

မယူကမ်း အောင်ဆိပ်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ

နိရဉ္စရာ၊


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဆိပ်ရွာတွင် အသက်(၄၈) နှစ် အရွယ် အမျိုးသမီး တစ်ဦး အသတ်ခံရသည်။

အသတ်ခံရသူမှာ ဒေါ်ခင်လှရီ (၄၈) နှစ်ဖြစ်သည်။

“ ရွာသားတွေက ညနေပိုင်းထိ နွားတွေကို မလွတ်ဘဲ ချည်ထားတော့ အိမ်ပေါ်တက်ကြည့်တော့ သေနေတာကို တွေ့ရပါတယ်။ ဟိုတစ်နေ့ တနင်္လာနေ့ ညဉ့်မှာကတည်းက အသတ်ခံရတဲ့ အနေအထားရှိပြီး အဂါင်္နေ့ ညနေပိုင်းမှ နွားတွေကို မလွတ်တဲ့ အတွက် သွားကြည့်တော့မှ အသတ်ခံရတာကို သိရှိရပါတယ်” ဟု အောင်ဆိပ် ကျေးရွာမှ မူလတန်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

သေဆုံးသူ အမျိုးတွင် သမီး သုံးဦးရှိပြီး ယောင်္ကျားဖြစ်သူမှာ ဖားကန့်တွင်နောက်အိမ်ထောင်ကျနေသည်ဟု သိရသည်။

သမီးသုံးဦးတွင် တစ်ဦးမှာ ဆယ်တန်းအောင်မြင်ပြီး ရန်ကုန်တွင် နေထိုင်ကာ ကျန်သမီးငယ် နှစ်ဦးမှာ ရသေ့တောင်မြို့ပေါ်တွင် ပညာသင်ကြားနေကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ၎င်းအမှုကို ကိုင်တွယ်သော စေတီပြင် နယ်ခြားစောင့်ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ စခန်းမှူး ရဲအုပ် ကျော်မြတ်သူက “ အသတ်ခံရတာ မှန်ပါတယ်။ သူအစ်ကို ဖြစ်သူက အိမ်ပေါ်တက်ကြည့်မှ သိရတာပါ။ ဒဏ်ရာကတော့ နှစ်ချက်ပေါ့။ အဓိက ဓားနဲ့ထိုးတာပေါ့။ အဆုတ်ကို ၀င်သွားပါတယ်။ တစ်ခြား ဒဏ်ရာ အသေးအမွားလေးတွေလည်း တွေ့ရှိပါတယ်” ဟု ပြောသည်။

ယခုအခါ အခင်းဖြစ်ပွားရာ အောင်ဆိပ်ရွာသို့သွားနေကြောင်း၊ သတ်သူကို စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ ရွာကိုရောက်ပြီးမှ မည်ကဲ့သို့ ဖြစ်သည်ကို စစ်ဆေးပြီးမှ အမှုဖွင့်မည် ဖြစ်ကြောင်း ရဲအုပ်ကျော်မြတ်သူက ပြောကြားသည်။

အသတ်ခံရသူ အမျိုးသမီး အလောင်းအား ယနေ့နံနက်က ခွဲစိတ်ရန် ရသေ့တောင်မြို့နယ် ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

အသတ်ခံရသည့်နေ့က အမျိုးသမီးမှာ အိမ်တွင် တစ်ဦးတည်းရှိနေခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

No comments: