သူဇာ
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လန်ဒန်ခရီးစဉ်အတွင်း ကွဲကွာနေသည့် သားငယ် ကိုထိန်လင်းနှင့်အတူ မြေးနှစ်ယောက်အား ဟီသရိုးလေဆိပ်၌ ဖက်လှဲတကင်း တွေ့ဆုံနှုတ်ဆက်နေပုံများသည် ယခုရက်ပိုင်းအတွင်း ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် လူပြောအများဆုံး အကြောင်းအရာတခု ဖြစ်သည်။
ဗြိတိန်နိုင်ငံကို ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း၊ မြေးနှစ်ယောက်ဖြစ်သည့် အသက် ၁၇ နှစ်အရွယ် James၊ အသက် ၁၄ နှစ်အရွယ် Jasmine တို့ တွေ့ဆုံမှုကို မြန်မာလူထုက ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ယင်းသို့ အမေနှင့် သား၊ အဘွားနှင့် မြေးများ ပြန်လည်ဆုံစည်း တွေ့ဆုံကြည်နူးမှု မြင်ကွင်းဓာတ်ပုံများက မြန်မာပြည်သူများ၏ စိတ်ခံစားမှုကို ကိုင်လှုပ်နိုင်ခဲ့သည်။
“မိခင်တယောက်က သူ့ရဲ့ မျိုးဆက်တခုဖြစ်တဲ့ သားနှစ်ယောက်ကိုလည်း ခွဲခွာခဲ့ရတယ်။ နောက်ထပ် မျိုးဆက်ဖြစ်တဲ့ မြေးတွေကိုလဲ ခွဲခွာခဲ့ရပြီးမှ ပြန်လည်တွေ့ဆုံရတဲ့ ခံစားချက်ကို ဒီဓာတ်ပုံတွေမှာ မြင်နေရတယ်။ နိုင်ငံတော်ရဲ့ အရေးကြီးပုဂ္ဂိုလ် တဦးထက် မျိုးဆက်နှစ်ဆက်လုံးနဲ့ ဝေးကွာနေတဲ့ မိခင်တယောက်ရဲ့ ခက်ခဲတဲ့ ဖြတ်သန်းမှုကို ပိုမြင်ရတယ်။ မိသားစုနဲ့ ကွဲကွာရတဲ့အခါ ဘယ်လောက်ခံစားကြရသလဲဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ ပေးဆပ်မှုကို ဘယ်လိုဖော်ပြရမလဲတောင် မသိပါဘူး” ဟု ညီမျှခြင်း-မြန်မာ အဖွဲ့ကို တည်ထောင်သူ ဦးအောင်မျိုးမင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်တွင် သားနှစ်ယောက် ရှိပြီး သားကြီးဖြစ်သူမှာ အလက်ဇန်းဒါး အဲရစ် (ခေါ်) ကိုမြင့်ဆန်းအောင် ဖြစ်ပြီး လက်ရှိတွင် အသက် ၄၃ နှစ် ရှိပြီး သားငယ်ဖြစ်သူ ကိုထိန်လင်းမှာ ယခုဆိုလျှင် အသက် ၃၉ နှစ် ရှိပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူများနှင့် ကွယ်လွန်သူ ခင်ပွန်း တက္ကသိုလ်ဆရာ မိုက်ကယ်အဲရစ်တို့အကြောင်းကို လူအများရှေ့ ပြောလေ့မရှိပါ။ မြန်မာ့ဒီမိုကရေစီရေးအတွက် မိသားစုဘဝကို စွန့်လွှတ်လိုက်ရခြင်းကို ဒေါ်အောင်ဆန်းစုကြည်က “ရွေးချယ်မှု” တခုအဖြစ်သာ ခံယူကြောင်း မကြာခဏ ပြောဆိုဖူးသည်။
အတိတ်ကို ပြန်လှန်လျှင် ၁၉၈၈ ခုနှစ် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် အောက်စဖို့ဒ်မြို့မှ မြန်မာနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လာခဲ့ချိန်တွင် ကိုထိန်လင်း၏ အသက်မှာ ၁၁ နှစ်သာ ရှိသေးသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ပါတီ အပြတ်အသတ် အနိုင်ရသောအခါ မြန်မာအာဏာသိမ်း စစ်အစိုးရသည် အနိုင်ရမှုကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ထို့ပြင် နေအိမ်အကျယ်ချုပ် ကျခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား ခင်ပွန်းဖြစ်သူ သားဖြစ်သူတို့နှင့် ဆက်သွယ်မှုကိုလည်း ကန့်သတ်ခဲ့သည်။ အင်္ဂလန်တွင် မိသားစုနှင့် ပြန်နေပြီး နိုင်ငံရေးကို စွန့်လွှတ်လိုက်ရန်လည်း ဖိအားပေးခဲ့သည်။
၁၉၉၉ ခုနှစ်တွင် မိုက်ကယ်အဲရစ် ကင်ဆာရောဂါ ခံစားရသောအခါ သူ့ဘ၀၏ ကျန်ရှိသော နောက်ဆုံးအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရန် ပြည်ဝင်ခွင့် လျှောက်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်သို့ သွားရန် ခွင့်ပြုခဲ့သည်။
ထိုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် အခက်ခဲဆုံး အချိန် ဖြစ်ခဲ့သည်။ ကွယ်လွန်ခါနီး ချစ်သူကို သွားရောက်နှုတ်ဆက်ရန် ငြင်းပယ်ခဲ့သည်။ ထိုအချိန်ကသာ အင်္ဂလန်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်သွားခဲ့လျင် မြန်မာနိုင်ငံသို့ မည်သည့်အခါမျှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။
ခင်ပွန်းသည် ကွယ်လွန်အပြီး မိခင်ကို မျှော်နေကြသည့် သား ၂ ယောက်ထံသို့လည်း ဒေါ်အောင်ဆန်းစုကြည် မပြန်သွားခဲ့ပါ။
ထိုသို့ မိသားစုအရေးကို ၂၀၁၂ ခုနှစ် အင်္ဂလန် ပထမအကြိမ် ရောက်စဉ် လန်ဒန်အခြေစိုက် ITV ရုပ်သံ အမေးအဖြေတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမ စိတ်မချမ်းသာပါဘူး။ ခဏခဏလည်း ပြောဖူးပါတယ်။ ကျမ အနစ်နာခံ စွန့်လွှတ်ခဲ့တာကို ပုံကြီးမချဲ့ချင်ဘူး။ ဒါ ကျမကိုယ်တိုင် ရွေးချယ်ခဲ့တာပါ” ဟု ရှားရှားပါးပါး ပြောခဲ့သည်။
“တကယ် အနစ်နာခံရတာက ကျမ ခင်ပွန်းနဲ့ သားတွေပါ။ အထူးသဖြင့် ကျမ သားတွေပါ။ ခင်ပွန်းဖြစ်သူက အသက်အရွယ် အရ ရင့်ကျက်နေပြီ။ ကျမသားတွေ ငယ်သေးတယ်။ မိဘနှစ်ပါးစလုံး အနားမှာ မရှိတော့ သူတို့ဘဝအတွက် အင်မတန် ခက်ခဲမယ်။ ကျမ ရင်ထဲ မကောင်းဘူး။ နောက်ဆုံးတော့ … ဪ၊ တခုလိုချင်ရင် တခုတော့ စွန့်လွှတ်ရမှာပဲလို့ ဖြေသိမ့်မိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သား၂ ယောက်မှာလည်း မည်သည့်အခါမှ မီဒီယာများထံ အင်တာဗျူး မဖြေပေးခဲ့ပါ။ မြန်မာနိုင်ငံကသာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါဆုံးအရာ ဖြစ်ခဲ့ကြောင်း၊ မိခင်၏ မျှော်မြင်တွေးတောမှုများကို လေးစားကြောင်း၊ မလွယ်ကူခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းသို့ဆုံးဖြတ်ချက်ချခဲ့သည်ကို ဂုဏ်ယူကြောင်း ကိုထိန်လင်းက ၂၀၀၄ ခုနှစ်တွင် Australian Women’s Weekly အတွက် ဂျာနယ်လစ် William Langley အား ဖြေဆိုခဲ့ဖူးသည်။
သားကြီးဖြစ်သူ ကိုမြင့်ဆန်းအောင်မှာမူ အမေရိကန်နိုင်ငံတွင် တက္ကသိုလ်ဆရာတယောက်အဖြစ် အလုပ်လုပ်နေပါသည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ခုနှစ် အမေရိကန် ခရီးစဉ်အတွင်း မိခင်ဖြစ်သူနှင့် တွေ့ဆုံခဲ့သည်ဟု သိရသော်လည်း လူအများမြင်ကွင်းရှေ့ မဟုတ်ခဲ့ပါ။ ယခု ခရီးစဉ်တွင်လည်း မိသားစု တွေ့ဆုံဖွယ်ရှိသော်လည်း လူအများမြင်ခွင့် ရ မရ မသေချာပါ။
ကိုထိန်လင်းကမူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မိခင်ဖြစ်သူအား လက်ဆောင်အဖြစ် ခွေးကလေးတကောင်ပေးခဲ့ပြီး ယခု လန်ဒန်သို့ ခရီးထွက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ကလေးများပါ ခေါ်လာပြီး လာကြိုနေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ကိုထိန်လင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခဲ့ပြီး အချစ်ဆုံး “ဒါလင်”ဟု ခေါ်ဆိုကြောင်း သိရသည်။
ထိုမြင်ကွင်းကို မြန်မာပြည်သူ အတော်များများက ၎င်းတို့၏ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာများတွင် မှတ်ချက်များ ရေးသားကြရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမတ်တဦးဖြစ်သည့် ဦးနေမျိုးကျော်ခေါ် ဘလော့ဂါ နေဘုန်းလတ်လည်း အပါအဝင် ဖြစ်သည်။ သူက အောက်ပါအတိုင်း ရေးထားသည်။
“အဲဒီ့ အပွေ့အဖက်ရဲ့
တင်းကျပ်မှုတွေထဲမှာ
ငါတို့အားလုံးရဲ့ ကျေးဇူးတင်မှုကို
ထည့်သွင်းခံစားပေးပါ … ကင်မ်”
No comments:
Post a Comment