Tuesday, September 6, 2016

ဖားကန့်ဒေသခံများ အစည်းအဝေးပြုလုပ်နေချိန် အမည်မသိလက်နက်ကိုင်အဖွဲ့က ၀င်ရောက်နှောင့်ယှက်

နန်းလွင်နှင်းပွင့်


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ္စယာန်ဘုရားကျောင်း၌ ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်ပြီး ဒေသခံများ အစည်းအဝေးပြုလုပ်နေချိန်တွင် အမည်မသိလက်နက်ကိုင် ၂၃ ဦး က ဝင်ရောက်လာပြီး ဘုရားကျောင်းကို ဝိုင်းခဲ့ကြောင်း သိရသည်။

“အစည်းအဝေးကို လာဝိုင်းတာ ယူနီဖောင်းတွေနဲ့ မဟုတ်ဘူး။ ၂၃ ဦးလုံးက ဘောင်းဘီတို၊ စွတ်ကျယ်တွေ ဝတ်ထားတယ်။ အကုန် သေနတ်တွေပါတယ်။ ဝင်လာပြီး မင်းတို့က ဘာလုပ်နေတာလဲ။ ဘာလဲဆိုပြီး ဝိုင်းလိုက်တယ်” ထိုအစည်းအဝေးတွင် ပါဝင်ခဲ့သည့် ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ (Myu Sha Zinlum) ဥက္ကဌ ဦးလမောင်လတောင်က ဧရာဝတီကို ပြောသည်။

ထိုအစည်းအဝေးကို ဖားကန့်ဒေသခံ အယောက် ၈၀ ကျော်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံအပေါ် အမြင်သဘောထားများနှင့် နောက်လာမည့် ညီလာခံများတွင် လူထုမှတင်ပြလိုသည့် အချက်များ၊ တောင်းဆိုလိုသည်တို့ကို ပြောဆိုကြရန် ဆွေးနွေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်နက်ကိုင်ဆောင်ထားသူ ၂၃ ဦးက အစည်းအဝေးကို လာရောက်ဝိုင်းခဲ့သဖြင့် ဒေသခံများနှင့် အချေအတင် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ထိုလက်နက်ကိုင် ၂၃ ဦးကို ဦးဆောင်လာသူက အစည်းအဝေး ပြုလုပ်နေသည်ကို သတင်းကြားသဖြင့် လာရောက်ကြောင်း ပြောဆိုပြီးနောက် ဒေသခံများနှင့် အချင်းများမှု အနည်းငယ် ဖြစ်ပွားပြီးနောက် ၎င်းတို့အဖွဲ့ ပြန်လည်ထွက်ခွာသွားသည်ဟု ဦးလမောင်လတောင်က ပြောသည်။

အစည်းအဝေးတွင် ပါဝင်ခဲ့သူအချို့က အဆိုပါ လက်နက်ကိုင် ၂၃ ဦးကို ဦးဆောင်သူသည် စွပ်ကျယ်အနက်ရောင်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကြောင်းနှင့် ဒေသခံများက ၎င်းတို့သည် မည်သည့်တပ်ဖွဲ့ဝင်များ ဖြစ်သည်ကို မေးမြန်းခွင့် မရရှိလိုက်ကြောင်း ပြောဆိုကြသည်။

ထိုအဖွဲ့နှင့် ပတ်သက်ပြီး ဦးလမောင်လတောင်က “လာတဲ့ပုံစံက ကျနော်တို့အစည်းအဝေးကို လာခြိမ်းခြောက်တာပဲလို့ ထင်တယ်။ နောက်တခါ ထပ်မလုပ်ရဲအောင် လာလုပ်တဲ့ပုံစံပဲ ” ဟု ၎င်း၏အမြင်ကို ပြောသည်။

ထိုလက်နက်ကိုင် အဖွဲ့များ ထွက်ခွာသွားပြီးနောက်ပိုင်း ဒေသခံများက အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့ရဲစခန်းမှ ဒုရဲအုပ်ဦးခင်မောင်ဦးက “ ဘာဖြစ်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ကျနော့်လူတွေကိုတော့ လွှတ်ပြီး ကြည့်ခိုင်းထားပါတယ်။ အခု ဘာမှမပြောနိုင်သေးပါဘူး”ဟု ဧရာဝတီကို ပြောသည်။ ဖားကန့်ရဲစခန်းက ထိုဖြစ်စဉ်ကို စုံစမ်းနေသည်ဟု ၎င်းက ဆိုသည်။

ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်မတော်၏ တပ်စခန်းများ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အပြင် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များလည်း ရှိကြောင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး လက်နက်ကိုင်နေသည့် အဖွဲ့ငယ်များလည်း ရှိနေသည်ဟု ဦးလမောင်လတောင်က ပြောသည်။

No comments: