Wednesday, September 21, 2016

အမျိုးသား စည်းလုံးညီညွတ်မှုအတွက် ယဉ်ကျေးမှု အမွေအနှစ်များ၏ အခန်းကဏ္ဍကလည်း အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

မဇ္ဈိမ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ခဲ့စဉ် စက်တင်ဘာလ ၂၀ ရက်က ယူနက်စကို (ကုလသမဂ္ဂပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း) ညွှန်ကြားရေးမှူးချုပ် အိုင်ရင်နာ ဘိုကိုဗာ နှင့် သီးခြား တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့်လက ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ဘုရားပုထိုးစေတီ ယဉ်ကျေးမှုအမွေအနှစ်များ နဂိုအတိုင်း ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့်အတူ မြန်မာ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များကို ထောက်ခံအားပေးပါကြောင်း ယူနက်စကို အကြီးအကဲက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အခိုင်အမာ ပြောကြားသည်။

၁၁ ရာစု ဗုဒ္ဓဘုရားပုထိုး စေတီများရှိရာ ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ထိန်းသိမ်းမှုများကို ယူနက်စကို၏ နည်းပညာ လမ်းညွှန်ချက်များအောက်မှ လုပ်ဆောင်သွားရန် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းလုပ်ဆောင်ချက်များအပေါ်လည်း လေးစားတန်ဖိုးထားပါကြောင်း ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းရာတွင် ကျွမ်းကျင်မှုနှင့် သုတေသနလုပ်ဆောင်ချက်တို့၏ အရေးပါပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောဆိုသွားသည်။

သြဂုတ်လ ၂၄ ရက် ငလျင်လှုပ်ပြီးနောက်ပိုင်း ၄၈ နာရီအတွင်း ပုဂံဒေသသို့ ယူနက်စကို၏ အဖွဲ့တစ်ခု စေလွှတ်ချထားပေးခဲ့ကြောင်းပြောဆိုပြီး ယဉ်ကျေးမှုအမွေအနှစ်များ အလုံးစုံ ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်ကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း အိုင်ရင်နာ ဘိုကိုဗာက ပြောသည်။ " ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ထည့်သွင်းနိုင်ဖို့ လုပ်ဆောင်နေမှုတွေကို ထောက်ခံအားပေးထားတယ်လို့ ပြောကြားလိုပါတယ်၊ ဒါကြောင့်မို့ ဒီလိုမျိုး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလျင်စကို လုပ်ရမှာမဟုတ်ဘဲ အထူးအလေးထားလုပ်ဆောင်သွားရမှာဖြစ်ပါတယ်" ဟု သူမက ပြောသည်။

နိုင်ငံအသွင်ကူးပြောင်းမှုပိုင်းကို ဦးဆောင်လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသေးသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် သူမအနေဖြင့် ယဉ်ကျေးမှု ပြတိုက်များကို ကမ္ဘာ့ယဉ်ကျေးမှု စံချိန်စံနှုန်းများနှင့် ကိုက်ညီစေရေး လုပ်ဆောင်သွားလိုကြောင်း၊ ယင်းမှသာ လူငယ်လူရွယ်များအနေဖြင့် အတိတ်ကာလက ဖြစ်ပျက်ခဲ့သည်များကို နားလည်သဘောပေါက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။ " ကျွန်မတို့ဟာ ယဉ်ကျေးမှုအမွေအနှစ်တွေကို အားလုံးကို စုစည်းပေါင်းစည်းစေနိုင်မယ့် အားတစ်ခုအဖြစ် အသုံးပြုသွားချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆက်လက်၍ မြန်မာ၏ ပညာရေးပြုပြင်ပြောင်းလဲမှုပိုင်းတွင် ယူနက်စကိုက ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ယူနက်စကို အကြီးအကဲ ပြောသည်။ ဆက်လက်၍ ပညာရေးသည် အစိုးရအတွက် အဓိကဦးစားပေးကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း မူဝါဒပေါင်းစပ်ညှိနှိုင်းရေး အမျိုးသားပညာရေးအကြံပေးကောင်စီတစ်ခု ဖွဲ့စည်းတည်ထောင်မှုကို ရည်ညွန်းကာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လည်ပြောကြားသွားသည်။

ဆက်လက်၍ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပူးပေါင်းပါဝင်ခဲ့သည့်အပေါ် ယူနက်စကို အကြီးအကဲက ချီးကျူးသွားခဲ့ပြီး မီဒီယာဥပဒေပြဌာန်းရေးနှင့် သတင်းသမားများအတွက် လုပ်ဆောင်နိုင်စွမ်း တည်ဆောက်ခြင်းတို့တွင် ယူနက်စကိုနှင့် ပူးပေါင်းလုပ်ဆောင်မှုများကိုလည်း ချီးကျူြးေ့ပာဆိုသွားသည်။ ပရိုဖက်ရှင်နယ်ကျသည့် စံနှုန်းများ၏ အရေးပါပုံနှင့် အမုန်းစကားများကို တားဆီးခြင်းတို့ကလည်း အရေးပါကြောင်း ပြောဆိုသွားခဲ့သည်။ " လွတ်လပ်မှုဆိုတာက တာဝန်ယူတာဝန်ခံမှုနဲ့အတူ လာတာပါ၊ ကျွန်မတို့ ဒါကို ဆက်လက်အလေးထားသွားကြရပါမယ်" ဟု သူမက ပြောခဲ့သည်။

No comments: