ကျော်ခ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနောက်နိုင်ငံ ခရီးစဉ်များအတွင်း မြန်မာနိုင်ငံအပေါ် ချမှတ် ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှု (Sanction) ကို ရုပ်သိမ်းရန် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက ၎င်း၏ လူမှုဆက်သွယ်ရေး ကွန်ရက် စာမျက်နှာတွင်ရေးသား ဖော်ပြလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ဗြိတိန်၊ အမေရိကန် တရားဝင်ခရီးစဉ်နှင့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ထွက်ခွာသွားပြီး ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုအား ဖယ်ရှားပေးနိုင်ခဲ့လိမ့်မည်ဟု မျှော်လင့်ကြောင်း သူရဦးရွှေမန်းကပြောသည်။
“မြန်မာစကားမှာတော့ ‘သားရွှေအိုးထမ်းလာတာ’ မြင်ချင်တယ်ဆိုတာ ရှိပါတယ်။ ယနေ့မှာတော့ အမေ/အမ(စု) UK ၊ USA ၊ UN ခရီးစဉ်မှာ ရွှေအိုးများ၊ စိန်အိုးများ ရွက်သယ်ပြီး ပြန်လာခဲ့စေချင်တယ်။ နိုင်ငံနှင့် ပြည်သူအတွက်လေ” ဟု ဦးရွှေမန်းက ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ရောက်ရှိမှာဖြစ်ပြီး ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံ အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေးအပြင် အသွင်ကူးပြောင်းရေးကာလတွင် စီးပွားရေးဖွံ့ဖြိုးမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရခိုင် ပြည်နယ်မှ မွတ်စလင် လူနည်းစု ပြဿနာများ ဖြေရှင်းရေး တို့အတွက် အကူအညီ ပေးရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း အမေရိ ကန် အစိုးရ တာဝန်ရှိ သူများ ဘက်က ထုတ်ဖော် ပြောဆိုထားသည်။
အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ခေတ်ကာလ အခြေအနေတခုအတွင်း အကြောင်းကြောင်းကြောင့် ဒဏ်ခတ် ပိတ်ဆို့ အရေး ယူမှု များ ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ၎င်းတို့ ပစ်မှတ်ထားသူများကို ထိခိုက် သည့်အပြင် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အများပြည်သူကိုလည်း ထိခိုက်ကြောင်း ဦးရွှေမန်းက ဆိုထားသည်။
ထို့ပြင် ယင်းသို့သောပိတ်ဆို့ အရေးယူမှုကြောင့်ပင် တချို့နိုင်ငံ၊ တချို့သော အဖွဲ့အစည်းများနှင့် လူအချို့အတွက် အခွင့်အရေး ရသွား စေခဲ့ သည် ဟုလည်းဆိုသည်။
ဦးရွှေမန်း အနေဖြင့် အမေရိကန် သမ္မတ အိုဘားမား၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နှင့် Senator မက်ကော်နယ် တို့အား ဒဏ်ခတ် အရေးယူမှု မပြုလုပ်သင့်ကြောင်း၊ ရုပ်သိမ်းပေးရန်နှင့် ဒဏ်ခတ်အရေးယူမှုကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများကို ထိသကဲ့သို့ အမေရိကန် နိုင်ငံနှင့် နိုင်ငံသားများကိုလည်း ထိခိုက်ကြောင်း ပြောဆိုခဲ့ဖူးသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တချိန်တည်းတွင်ပင် လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ ၃၅ ဖွဲ့က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် အခြားအရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်ကျန်ရှိနေသေးသဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဆက်လက်ထားရှိ ပေးရန် အမေရိကန် သမ္မတ အိုဘားမားထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ တောင်းဆို ထားသည်။
အလားတူ လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ကလည်း အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ် ထားသော စီးပွားရေး အရေးယူပိတ်ဆို့မှုအား ရုပ်သိမ်းခြင်းမပြုသေးရန် ယခုလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ ချက်ထုတ်၍ တောင်းဆိုထားသည်။
ဗြိတိန် နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိပြီး မြန်မာအစိုးရအနေဖြင့် လတ်တလောဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းပြခဲ့ကြောင်းသိရသည်။
ထို့ပြင် ဗြိတိန် အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအပေါ် ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Boris Johnson စက်တင်ဘာလ ၁၂ ရက်နေ့က ပြောဆိုခဲ့သည်။
No comments:
Post a Comment