Monday, September 5, 2016

ကချင် ဒုက္ခသည် ဆေးဝါး အကူညီ အစိုးရတပ် မှ သိမ်းယူ

Kachinnews


ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် တစ်လျှောက် ကချင် စစ်ပြေးဒုက္ခသည် စခန်းများအတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC အားဖြင့် သယ်ဆောင်လာသော ဆေးဝါးတင်ကားကို အစိုးရ စစ်တပ် က ဖြတ်သန်းခွင့်မပြုဘဲ ဆေးဝါးများကို သိမ်းယူခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့က မြစ်ကြီးနား-လွယ်ဂျယ်လမ်းမှ ကားတစ်စီးဖြင့် ဆေးဝါးအထုပ်များကို သယ်ဆောင် လာစဉ် စိန်လုံဘွမ် (Sinlum Bum) တပ်မတော် စစ်ဆင်ကွတ်ကဲရေးရုံး စစ်သားများမှ KBC ဆေးဝါးအဖွဲ့ကို နယ်စပ် ဒုက္ခသည်စခန်းများသို့ လုံးဝ ဖြတ်သန်းခွင့် မပြုဘဲ ဟန့်တားခဲ့သည်။

ယင်းအချိန် စစ်ပြေးဒုက္ခသည်များအတွက် ယူလာသည့် အနာကျက်ဆေး၊ ပိုးသတ်ဆေး နှင့် ကလေးငယ်များ ၏ ဆေးဝါး အစရှိသည် တို့ကို ထုတ်ပိုးထားသည့် အထုပ်များကို ၄င်းစစ်စခန်းက သိမ်းယူလိုက်သည်ဟု KBC အထွေထွေ အတွင်းရေးမှုး ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါသည်။

အကူအညီများကို စစ်ပြေးဒုက္ခသည်စခန်းများသို့ သယ်ဆောင်ခွင့်မပြုတော့ဘဲ နယ်စပ်ရှိ စစ်ပြေးဒုက္ခသည်များကိုသာ ၄င်း စိန်လုံ စစ်ဆင်ကွတ်ကဲရေးရုံးတွင် လာရောက် ထုတ်ယူခိုင်းရန် အစိုးရစစ်တပ်ဘက်မှ ပြောလာသည့်အတွက် ယမန်နေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ဆေးဝါးများကို မြစ်ကြီးနားသို့ ပြန်သယ်လာခဲ့ပါသည်။

လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UN-OCHA မှ ပေးသည့် ကျပ်ငွေ သိန်း ၁၀၀ ကျော်ရှိ ၄င်းဆေးဝါးများသည် တရုတ်နယ်စပ်ရှိ ပါကထောင် (Pa Kahtawng)၊ ဇိုင်းအောင် (Zai Awng)၊ နယ်ခြား မှတ်တိုင် ၆၊ ၈ (Masat Shadaw 6, 8) စခန်းများ အတွက် ဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က တာဝန်ယူ ပေးပို့ခြင်း ဖြစ်ကြောင်း ဆရာ ဆမ်ဆွန်က ပြောသည်။

KBC သည် ၄င်း၏ အသင်းသူအသင်းသား စစ်ပြေးဒုက္ခသည်များအတွက် ကူညီပေး နေတာဖြစ်ပြီး သြဂုတ် လဆန်းပိုင်းကလည်း တနိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသ စစ်ရှောင်များကို သွားရောက် ကူညီခဲ့သည်။

၂၀၁၁ ကချင်ဒေသ တစ်ကျော့်ပြန် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင်စစ်ပြေးဒုက္ခသည် တစ်သိန်း နှစ်သောင်းကျော်ရှိပြီး အများစုမှာ တရုတ်နယ်စပ် တလျှောက်တွင် ခိုလှုံနေကြသည်။

No comments: