Monday, September 5, 2016

ရှမ်းပြည်နယ် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌအပါအ၀င် ပါတီဝင်တချို့ကိုအနားပေးသည့်ကိစ္စ ပါတီဗဟိုမသိရှိ

နော်နိုရင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး အပါအ၀င်ပါတီဝင်တချို့ကို အလုပ် အမှုဆောင်တာဝန်ကနေ အနားပေးလိုက်ပြီး တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးကိုတော့ ပါတီကနေ ထုတ်ပယ်လိုက်တဲ့ကိစ္စ မသိရှိသေးဘူးလို့ ပါတီဗဟိုတာဝန်ရှိသူတွေက ပြောပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင်က ဦးဝင်းထိန် မနေ့က ရှမ်းပြည်နယ်ကို ရောက်ရှိချိန် ခုလို ဆုံးဖြတ်လုပ်ဆောင်ခဲ့တာလို့ တောင်ကြီးမြိုနယ် အန်အယ်ဒီပါတီဝင် ဦးအောင်ကျော်နိုင်က ပြောပါတယ်။

“မနေ့က ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်လာတယ်။ လာတာကတော့ ပြည်နယ်အလုပ်အမှု ဆောင် ပြန်ဖွဲ့ဖို့ လာတာပါ။ လာရင်းနဲ့အဲမှာ ခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုး ကိုတော့ ဖေ့ဘုတ်မှာ သူက ‘စီအီးစီကို ငွေနဲ့ဝယ်လို့ရတယ်။ နိုင်ငံရေးက ၀ယ်လို့မရဘူး’ အဲဒီစကားလေးနဲ့တင်တာ။ အဲဒါ စည်းမျဉ်းစည်းကမ်းနဲ့မညီဘူးဆိုပြီးတော့ သူ့ကို ထုတ်တာ။ ကျန်တာကတော့ ထုတ်တာ မဟုတ်ဘူး။ တာဝန်ကနေ အနားပေးလိုက်တာ။ ပြည်နယ်ဥက္ကဋ္ဌအပါအ၀င် ၅ ဦးရှိပါတယ်။ အဲဒီ ၅ ဦးမှာ ၂ ဦးက နုတ်ထွက်သွားတယ်။ ကျန်တဲ့ ၃ ဦးက အလုပ်မလုပ်ဘူးပေါ့နော်။ ရွေးကောက်ပွဲ အောင်နိုင်ရေးကာလ တလျှောက်ကော ဘာမှပါတီကိုလည်း မကူညီခဲ့ဘူး။ အဲဒီအတွက် လုပ်နိုင်တဲ့ လူနဲ့ အစားပြန်ထိုး ဖို့ဆိုပြီးတော့ လာပြီးဆောင်ရွက်တာပါ။”

ခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးကိုတော့ ရှမ်းပြည်နယ်ဥက္ကဋ္ဌ အပါအ၀င် ခေါင်းဆောင်အချို့ကို တာဝန်ကနေ ဖယ်ရှားမယ့် ကိစ္စနှင့်ပတ်သက်ပြီး မကျေနပ်ကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့လို့ ပါတီကနေ ဦးဝင်းထိန်က ထုတ်ပယ်လိုက်တာလို့ ပြောပါတယ်။

“သူ့ကိုတော့ ဒေါ်အောင်ဆန်စုကြည်နဲ့ တွေ့ဆုံတဲ့အချိန်မှာ သူ့ကို မန်းဒိတ် (လုပ်ပိုင်ခွင့်)ပေး လိုက်တယ်ပေါ့နော်။ မန်းဒိတ်ပေးလိုက်တဲ့အတွက် သူဆောင်ရွက်တယ်ပေါ့။ မနေ့က အဲလိုပြော ပါတယ်။”

ပါတီတာဝန်ကနေ အနားပေးခံရသူ ၅ ဦးကတော့ ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ အတွင်းရေးမှူး ဒေါ်ယူမီဇော်၊ အဖွဲ့ဝင် ဒေါ်မီးမီးတို့ဖြစ်ပြီး ဘဏ္ဍရေးမှူး ဒေါ်စံပယ် နဲ့ နောက်ဦးကတော့ နုတ်ထွက်စာ တင်ထားတယ်လို့ သိရပါတယ်။

အနားပေးခံရတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်ခင်မိုးမိုးက ဒီကိစ္စဟာ ဇူလိုင်လကတည်းကဖြစ်တဲ့ ကိစ္စဖြစ်ပြီး ဦးဝင်းထိန်သိတဲ့ အကြောင်းအရာတွေဟာ မှားယွင်းနေတယ်လို့ ပြောပါတယ်။

“နဂိုကတည်းက ၂ ယောက်လောက်ကနေပြီးတော့ အန်တီတို့ ပြည်နယ်အလုပ်အမှုဆောင် အဖွဲ့ကို သူတို့လူတွေကို စွတ်သွင်းချင်တဲ့လူတွေရှိတယ်။ ဒါပါတီထဲက လွှတ်တော်ကိုယ်စားလှယ် တယောက်ရယ်၊ စီအီးစီတယောက်ရယ်။ အဲတော့ အန်တီတို့က ကြိုပြီးတော့ ဇူလိုင်လမှာ ကတည်းက ကျမတို့သည် ပြည်နယ်အလုပ်အမှုဆောင်တာဝန်ကနေပြီးတော့ နုတ်ထွက်ခြင်းလည်း မရှိဘူး၊ အဲဒီနေရာမှာ လစ်လပ်အစားထိုးဖို့လည်း မလိုပါဘူးဆိုတာကို တဦးချင်းစီရဲ့ လက်ရေးတွေနဲ့ အဖွဲ့ချုပ်ကို တင်ထားပြီးသားပါ။ အဲလို တင်ထားပြီးတဲ့နောက်မှာမှ အခုဒါဖြစ်တာ။ ဦးဝင်းထိန်ကို လည်း အန်တီတို့ကအပြစ်မတင်ပါဘူး။ ဦးဝင်းထိန်ကိုခေါ်လာတဲ့ သူတွေက ဦးဝင်းထိန်ကို အသိပေးတဲ့ သတင်းစကားတွေ အလွဲကြီးတွေပြောပြီးတော့ ခေါ်လာတာ။ နောက်ဆုံးမှာ ပြည်နယ် အလုပ်အမှုဆောင်ဖွဲ့ကို အသစ်ပြန်ဖွဲ့မယ်ဆိုပြီးတော့ ဦးဝင်ထိန်လာတဲ့ အစီအစဉ်တော့ မလုပ်ဖြစ် လိုက်ဘူး။ အန်တီက မရှိဘူး။ အန်တီတို့ရဲ့ ပြည်နယ်အလုပ်အမှုဆောင် အတွင်းရေးမှူးနဲ့ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင် ဒေါ်မီးမီးတို့ရှိတယ်။ သူတို့နဲ့စကားပြောတဲ့ အခါမှာတော့ အစားထိုးမယ့်ကိစ္စရော၊ အသစ်ပြန်ဖွဲ့မယ့်ကိစ္စရော ဦးဝင်းထိန်က သူပြန်သုံးသပ်ဦးမယ်ဆိုပြီး ပြန်သွား တယ်လို့ပဲ သိပါတယ်။”

ပါတီတွင်း အလုပ်ကိုဦးစားပေးလုပ်ဆောင်သူတွေနဲ့ နေရာကိုအဓိကထား ၀င်ရောက်ချင်သူ တွေကြား ပြသနာတွေရှိနေပေမယ့် ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်တွေကို ယုံကြည်ကြောင်းနဲ့ ခေါင်းဆောင်တွေ ပါတီစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆုံးဖြတ်လုပ်ဆောင်မယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

ခုလို ပြည်နယ်ဥက္ကဋ္ဌပါအ၀င် ကော်မီတီဝင်တွေကို တာဝန်ကနေ ဖယ်ရှားလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတီဗဟိုကတော့ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး မသိရသေးတဲ့အကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ထုတ်တာတော့ သတင်းကြားတယ်။ ဘာကြောင့်ထုတ်တယ်၊ ဘယ်သူတွေစည်းဝေးပြီးထုတ်လဲ ဆိုတာ ကျနော်မသိပါဘူး။ ဘယ်လိုထုတ်လဲဆိုတာ ဘယ်သူနဲ့ဘာညာ အန်ကယ်လုံးဝ မသိပါ ဘူး။”

အလားတူပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်ကလည်း ဒီကိစ္စပေါ် မသိရကြောင်းနဲ့ ပါတီ စဉ်းမျဉ်းနဲ့ ညှိရင်တော့ စုံစမ်းမေးမြန်းပြီးမှ ထုတ်ပယ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“အန်ကယ်နေပြည်တော်မှာရှိနေတော့ ဗဟိုက ထုတ်သလား ဘယ်က ထုတ်တယ်ဆို တာမသိ ဘူး။ အန်ကယ်မသိတာတော့အမှန်ပဲလေ။ ထုတ်မယ်လို့ပြောရင် စည်းမျဉ်းစည်းကမ်းနဲ့ ညှိလို့ ထုတ်ရမှာပေါ့။ စည်းမျဉ်းစည်းကမ်းနဲ့ ညှိမညှိစုံစမ်းမေးမြန်းမှရမှာပေါ့။ အခါတည်း ထုတ်လို့ ရမရတော့အကြောင်းခြင်းရာ ပြဿ နာပဲလေ။ အန်ကယ်ယေဘုယျနားလည်တာကတော့ စုံစမ်းစစ်ဆေးပြီးမှ ထုတ်လို့ရတယ်။ အပြစ်ရှိတယ်လို့ ပြောမှ ထုတ်လို့ရမှာပေါ့။”

ထုတ်ပယ်ခံရတဲ့ တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကတော့ သူ့ကို ဗဟိုကော်မီတီဝင် ဦးဝင်းထိန်က ထုတ်တယ်လို့ နုတ်နဲ့ ပြောဆိုခဲ့တာဖြစ်ပြီး သူ့အနေနဲ့လက်မခံကြောင်းနဲ့ သူမှာအပြစ်ရှိရင်နုတ်ထွက်မယ်လို့ ပြောပါတယ်။

“သူက ပါးစပ်နဲ့ပြောတာဗျာ။ မင်းကိုထုတ်လိုက်ပြီတဲ့ အဲတိုင်းပဲ ပြောတာ။ သူ့ကိုလည်း ကျနော်ပြောလိုက်ပါတယ်။ ကျနော်တို့ပါတီက အာဏာရှင်ပါတီမဟုတ်ဘူးလို့ စည်းမျဉ်းစည်းကမ်း ရှိတယ်။ ပါတီဝင်တယောက်အပြစ်ရှိလို့ ထုတ်ပယ်မယ်ဆိုရင်တောင်မှ ပါတီစည်းကမ်းထိန်းသိမ်း ရေးကို တင်ရတယ်။ တင်ပြီးတော့မှ ကျနော်အပြစ်ရှိတယ်ဆိုရင် ကျနော်ကိုယ်တိုင် နုတ်ထွက်ပေး မယ်လို့။ ဘဘကျနော့် ကိုထုတ်စရာမလိုဘူးလို့။ ဒါပေမယ့် ပါတီစည်းမျဉ်းစည်းကမ်းနဲ့မညီဘဲနဲ့ ပါးစပ်နဲ့ မင်းကို ထုတ်လိုက်တယ်ဆိုတာကတော့ ကျနော်လက်မခံဘူးလို့ ကျနော် သူ့ကို ပြောလိုက်ပါတယ်။”

တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့အပါအ၀င် အတွင်းရေးမှူး အဖွဲ့ကို စာတင်ထားပြီးဖြစ်ပေမယ့် အခုအဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗဟိုအလုပ်အမှုဆောင်တွေ အားလုံး သိအောင်ထပ်ပြီးတင်ပြမယ်လို့ ထုတ်ပယ် အနားပေးခံရ သူတွေဘက်က ပြောပါတယ်။

No comments: