Friday, September 9, 2016

ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း မြန်မာ စစ်သားများ တပ်ချနေ

Kachinnews


ကချင် ပြည်နယ် မိုးကောင်း-ဖားကန့် လမ်း Gauri ကျေးရွာ ကချင် ခရစ်ယာန် ဘုရားကျောင်းဝင်း အထဲမှာ မြန်မာ အစိုးရ တပ်များ တပ်ချ နေပါသည်။

အင်အား ၃၀ ခန့်ရှိ အစိုးရ စစ်သားများသည် Gauri (ဂေါ်ရီ) ကျေးရွာ Manden (မန်ဒင်း) ICM ဘုရားကျောင်းဝင်း အထဲမှာ ယနေ့၊ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းမှ စတင် ၀င်ရောက်လာပြီး ညနေပိုင်း အထိ ဆက်ရှိ နေသည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

Gauri ကျေးရွာ သည် မိုးကောင်းနှင့် ကားမိုင်း ကြား တည်ရှိပြီး ယင်း ကျေးရွာ တ၀ိုက်တွင် ပြီးခဲ့သည့် သြဂုတ်လ နောက်ပိုင်း အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) ကြား မကြာခဏ တိုက်ပွဲဖြစ်သည့် နေရာလည်း ဖြစ်သည်။

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် KIA တပ်ရင်း (၃)၊ Sadung (ဆဒုံ) ဒေသမှာလည်း အစိုးရတပ်များ အင်အားတိုး လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။

KIA မိုင်းမှာ စစ်သား ၃ ဦး သေဆုံး

ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမပေါ် Shahtu Zup (ရှထူးဇွပ်) ရွှေမှော်မှာ စစ်ရေး လှုပ်ရှားနေသည့် အစိုးရ တပ်က ယမန်နေ့၊ စက်တင်ဘာ ၅ ရက်နေ့မှာ KIA ထောင်ထားသော မိုင်း မိပြီး ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။

မည်သည့် တပ်ရင်း ဖြစ်ကြောင်း မသိရသေးသော တပ်မတော် စစ်ကြောင်းက Shahtu Zup ကျေးရွာ အနောက်ဘက် KIA တပ်ရင်း (၁၄) နယ်မြေ Hka Dap Zup (ခ ဒ ဇွပ်) ရွှေမှော်ဘက်ကို ၀င်ရောက် လှုပ်ရှား လာစဉ် KIA မိုင်းဖြင့် တိုက်ခိုက် ခံရခြင်းဖြစ်သည်။

သြဂုတ် လဆန်းပိုင်းမှ Shahtu Zup ရွှေမှော်သို့ တပ်မတော် က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် လာခြင်းကြောင့် KIA တပ်ရင်း (၁၄) နှင့် ယခုအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

သြဂုတ် ၃၁ မှ စက်တင်ဘာ ၄ ရက်ထိ နေပြည်တော် မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနေစဉ် အစိုးရ စစ်အင်အားများကို ဟူးကောင်းချိုင့်ဝှမ်း KIA တပ်မဟာ (၂) နယ်မြေ တနိုင်းဘက် သို့ ပို့ခဲ့သည်။

No comments: