Wednesday, September 21, 2016

တစ်ခါ အားသွင်းထားရင် ရန်ကုန်၊ မန္တလေးခရီး အရောက်သွားမယ့်ကား

မဇ္ဈိမ


အမေရိကန် လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Proterra Inc က တစ်ခါအားသွင်းရုံဖြင့် မိုင် ၃၅၀ အထိ မောင်းနှင်သွားလာနိုင်စွမ်းရှိသော ယင်း၏ Catalyst E2 လျှပ်စစ်ဘတ်စ်ကားအမျိုးအစားကို ထုတ်ဖော် ပြသလိုက်ပြီဖြစ်ကြောင်း Composites Manufacturing Magazine တွင်ဖော်ပြထားသည်။

ကာဗွန် ထုတ်လုပ်မှုကင်းရှင်းမှု ဦးစားပေးကုမ္ပဏီ Proterra ၏ ယခု ထုတ်ဖော်ပြသလိုက်သော ဘတ်စ်ကားတွင် ပါဝင်သည့် ကီလိုဝပ်နာရီ ၆၆၀ ဘထ္ထရီနှင့် ကာဗွန်ဖိုက်ဘာ ပေါ်လီမာ ဘော်ဒီတို့ ပေါင်းစပ်မှုကြောင့် အားတစ်ခါ သွင်းထားရုံနှင့် မိုင် ၃၅၀ ထိ မောင်းနှင်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကား၏ အလေးချိန်သည် ၁၅ တန်မျှပင် မလေးလှဟု သိရသည်။

" Proterra ရဲ့ အဓိကဦးစားပေးအချက်က လိုချင်တဲ့ ရည်မှန်းချက်အတိုင်းပြည့်မီနိုင်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ လျှပ်စစ်ကားတစ်စီး ထုတ်လုပ်နိုင်ဖို့ပါပဲ၊ ဒီကနေ့ ထုတ်ဖော်လိုက်တဲ့ Catalyst E2 စီးရီးက ဒီရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ခဲ့ပါပြီ" ဟု Proterra ၏ စီအီးအို Ryan Popple က ပြောသည်။

" ကျွန်တော်တို့ ထုတ်လုပ်ပေးထားတဲ့ ဒီနည်းပညာကို သုံးစွဲတာက လေထု ညစ်ညမ်းမှုကင်းရှင်းစေပြီး ထိရောက်ပြည့်စုံမှုကိုပါ ဖြည့်ဆည်းပေးနိုင်မှာပါ။ လောင်စာဆီသုံးကားတွေအားလုံးနေရာမှာ အစားထိုးနေရာယူမယ့် ကားဖြစ်တဲ့အပြင် ဈေးကွက်ထဲမှာပဲ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နိုင်မယ့် ကားလည်း ဖြစ်လာပါပြီ" ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်လက ထုတ်ဖော်ခဲ့သည့် E2 စီးရီး ကားသည်လည်း မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီး စမ်းသပ်မောင်းနှင်မှုများအရ အားတစ်ခါသွင်းတိုင်း မိုင် ၆၀၀ ကျော်ထိ မောင်းနှင်နိုင်စွမ်းရှိကြောင်းကို ပြသနိုင်ခဲ့သည်ဟု သိရသည်။

No comments: