Friday, September 2, 2016

ကန်ပိုင်တီ နယ်စပ်သို့ တရုတ် တပ် ချထား လာ

Kachinnews


မြန်မာပြည်တွင် ‘၂၁ ရာစု ပင်လုံ ညီလာခံ’ ကို ယမန်နေ့ သြဂုတ် ၃၁ ရက်မှ စတင် ကျင်းပနေစဉ် အစိုးရတပ်က ကချင် ထိုးစစ်ကြီး ဆင်နွဲရန် ပြင်ဆင်နေသောကြောင့် အိမ်နီးချင်း တရုတ်တပ်ဖွဲ့များ ကန်ပိုင်တီ နယ်စပ် သို့ ရောက်လာ နေပါသည်။

ကချင် ပြည်နယ် အရှေ့ဘက် တရုတ်-မြန်မာ နယ်စပ် နယ်ခြားမှတ်တိုင် ၅ နှင့် ၈ ကြား တရုတ် တပ်ဖွဲ့များ လုံခြုံရေး ယူထားခြင်း ဖြစ်ကြောင်းကို ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြားတွင် မြစ်ကြီးနား-ကန်ပိုင်တီ လမ်းကြောင်းနှင့် ဆဒုံ (Sadung) ဒေသတွင် တိုက်ပွဲများ ဖြစ်လာပြီးနောက် တရုတ် တပ်ဖွဲ့များ နယ်စပ်သို့ ရောက်လာခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်လာလျှင် တရုတ်ဘက်ခြမ်းသို့ ထွက်ပြေး ၀င်ရောက်လာနိုင်သည့် ‘ကချင် ရွာသားများကို ဟန့်တားရန်နှင့် နယ်စပ် လုံခြုံရေး’ အတွက် မြန်မာ နယ်စပ်သို့ တရုတ်တပ်ဖွဲ့များ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများ ပြောဆိုနေကြပါသည်။

ယခု လဆန်းပိုင်းမှ KIA တပ်မဟာ (၅)၊ တပ်ရင်း (၃) စခန်းများ ရှိသည့် ကန်ပိုင်တီလမ်းမ နယ်ခြား မှတ်တိုင် ၆ အနီး ငွားလေး နှင့် ဆဒုံ (Sadung) ဒေသများသို့ တပ်မတော်မှ ထိုးစစ်ဆင် လာသည်။ ယင်းနောက် နှစ်ဖက် တိုက်ပွဲများသည် သြဂုတ် ၁၂ ရက်မှ နေ့စဉ်လိုလို ဖြစ်ပွားလာပါသည်။

တိုက်ပွဲနေရာမှ ရွာသားများ အချို့ တရုတ်နယ်စပ်သို့ ထွက်ပြေး ခိုလှုံနေရပြီး အချို့ရွာသားများမှာ ဆဒုံ (Sadung) မြို့ နီးစပ်ရာ ဆွေမျိုးများနေအိမ်များတွင် ခိုလုံနေကြကြောင်း သိရသည်။

တပ်မတော်က ကန်ပိုင်တီ ဒေသ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ယခင် ကချင် ဒီမိုကရေစီသစ် တပ်မတော် NDA-K အဖွဲ့မှ ပြောင်းလဲဖွဲ့စည်းသည့် နယ်ခြားစောင့်တပ် နှင့် ပြည်သူ့စစ်များ ကို စစ်ရေး အဆင်သင့်ရှိရန် တပ်လှန့် ထားကြောင်းလည်း ဒေသခံများ ဆိုပါသည်။

တိုက်ပွဲ ပြင်းထန် လာနိုင်ခြင်းကြောင့် KIA ဘက်မှလည်း ဆဒုံ (Sadung) မြို့ ပတ်ဝန်းကျင် ရွာ (၇)ရွာကို တပတ်အတွင်း ပြောင်းရွှေ့ပေးရန် ပြီးခဲ့သည့် အပတ်က ညွှန်ကြားခဲ့ကြောင်း ကချင် သတင်း ဌာန KNG မှ မေးမြန်း သိရသည်။

၂၀၁၁ ခုနှစ် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပြီး တရုတ်ဘက်ခြမ်း ကချင် စစ်ပြေး ဒုက္ခသည်များ စခန်းချ ခိုလှုံခြင်းကို တရုတ်အစိုးရ ယခု အချိန်ထိ ခွင့် မပြုသည့် အပြင် နယ်စပ် ဒုက္ခသည် အကူညီ ပေးမှုကိုလည်း ဟန့်တားမှု ရှိကြောင်း ကချင် ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့များ ပြောပါသည်။

No comments: