Monday, September 5, 2016

ညီလာခံမှ ထွက်သွားခြင်းသည် ငြိမ်းချမ်းရေး ညီလာခံကို ကန့်ကွက်ခြင်းမဟုတ်ဟု “ဝ” ထုတ်ပြန်

မဇ္ဈိမ

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) မှ ထွက်ခွာသွားခြင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကန့်ကွက်ခြင်းမဟုတ်ဘဲ အစီအစဉ်၏ တရားမျှတမှု မရှိခြင်းနှင့် ပွင့်လင်း မြင်သာမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

“ညီလာခံမှ ထွက်ခွာသွားခြင်းကြောင့် ပြင်ပမှ “ဝ” ပြည်နယ်အား ထင်မြင်လွဲမှားမှုကို ရှင်းလင်း ပေးရန်နှင့် ငြိမ်းချမ်းရေး ကိစ္စအပေါ် “ဝ” ပြည်နယ်၏ ရပ်တည်ချက်ကို ဖေါ်ပြရန်” ကြေညာချက် ထုတ်ပြန်ခြင်းဟုဆိုထားသည်။

ငြိမ်းချမ်းရေးညီလာခံကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချီးကျူးပါကြောင်းလည်း ထုတ်ပြန်ချက်တွင် “ဝ ပြည်နယ်အနေဖြင့် ငြိမ်းချမ်းရေးကို အသိအမှတ်ပြုပါသည်။ ထောက်ခံပါသည် တောင်းတပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တစ်သက်တာလုံး အကြမ်းမဖက်ရေး အမျိုးသားရင်ကြားစေ့ရေးနှင့် ကြိုးပမ်းမှုများကို လေးစားချီးကျူးပါသည်” ဟုလည်း ရေးသားထားသည်။

ညီလာခံမှ ထွက်ခွာရခြင်းအကြောင်းအဖြစ် “ ညီလာခံသို့ တက်ရောက်သော ဝ ပြည်နယ် ကိုယ်စားလှယ်အဖွဲ့အား တရားဝင် ကိုယ်စားလှယ် မဟုတ်သော ကဒ်ပြားဖြင့် ဝ ပြည်နယ်ကို နှိမ့်ချခြင်း၊ ဆွေးနွေးတင်ပြရန် အစီအမံကြောင့် ဝ ပြည်နယ်အနေဖြင့် ညီလာခံကို ကြီးမှူးကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် အကြိမ်ကြိမ် ညိနှိုင်းပြီး အကျိုးသက်ရောက်မှု မရှိသော အခြေအနေမျိုးအောက်တွင် မတတ်သာ၍ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ညီလာခံမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

No comments: