Saturday, September 10, 2016

တရားဥပဒေစိုးမိုးရေး သေဒဏ်ပြစ်ဒဏ် ပြန်ကျင့်သုံးရန် ရှေ့နေများပြော

ရန်နိုင်ဇော်ဝင်း


တရားဥပဒေစိုးမိုးမှု လျော့နည်းနေတဲ့အတွက် သေဒဏ်ပြစ်ဒဏ်ကို ပြန်လည်ကျင့်သုံးဖို့ လိုအပ်နေတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

ပြည်တွင်းမှာ ဆိုးရွားတဲ့ ပြစ်မှုတွေ ကျူးလွန်မှု များလာတဲ့အတွက် တရားဥပဒေစိုးမိုးမှု လျော့နည်းနေတာကို ပြန်လည်ထိန်းချူပ်ဖို့ သေဒဏ်ပြစ်ဒဏ်ကို ပြန်လည်ကျင့်သုံးဖို့ လိုအပ်နေတယ်လို့ ဥပဒေပညာရှင်နဲ့ ရှေ့နေတချို့က ဆိုပါတယ်။

သေဒဏ်ကျခံဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ အကျဉ်းသားတွေကို နိုင်ငံတော်သမ္မတက တကျွန်းပြစ်ဒဏ် ပြောင်းလဲပေးလိုက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထပ်ကြုံရင် ပြန်လည်လွတ်မြောက်နိုင်တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အားနည်နေတာလို့ ရှေ့နေအချို့က သုံးသပ်ပါတယ်။

“လူသတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မကြောက်မရွံ့ဘဲနဲ့နော်၊ ကျူးလွန်နေတဲ့ လူသတ် မုဒိမ်းတို့။ လူလည်း သတ်သေးတယ်။ မုဒိမ်းလည်း ကျင့်သေးတယ်။ လူလည်း သတ်သေးတယ်။ ဓားပြလည်း တိုက်သေးတယ်။ ဒါမျိုးတွေကတော့ သေဒဏ်တွေ ပြန်လည်ကျင့်သုံးသင့်တယ်လို့ ဆရာတို့က ယူဆတယ်။ အဲဒီလို မကျင့်သုံးဘူးဆိုရင် ဆရာတို့နိုင်ငံဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လိမ့်မယ်။ အဲဒါကိုတော့ ဆရာတော့ ဒီလိုပဲ မြင်တယ်လေ” လို့ တရားရုံးချုပ်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

သေဒဏ်ပြစ်ဒဏ်ကို တရားရုံးက ချမှတ်ပေးပေမယ့် နိုင်ငံတော်သမ္မတက သေဒဏ်ပြစ်ဒဏ်ကို ပေးသင့် မပေးသင့် ပြန်လည်ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ သေဒဏ် ပြစ်ဒဏ်ဟာ လူ့အခွင့်အရေးနဲ့ မဆိုင်ဘဲ လူ့အခွင့်အရေးကြောင့် သေဒဏ်ပြစ်ဒဏ်ကို လျှော့ပေါ့မစဉ်းစားသင့်ဘူးလို့ ဆိုပါတယ်။

“အဲဒီတော့ ပြစ်မှု ပြစ်ဒဏ် ကျူးလွန်တဲ့သူကို ပြစ်မှု ပြစ်ဒဏ်ထိုက်တဲ့ အပြစ်ပေးဖို့က ပြစ်မှုဆိုင်ရာဥပဒေရဲ့ တာဝန်ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ မရောသင့်ပါဘူး။ လူ့အခွင့်အရေးကို အကြောင်းပြပြီးတော့ သေဒဏ်ပေးတာကို လျှော့ပေါ့ပြီးတော့လည်း စဉ်းစားခွင့်မရှိပါဘူး။ ဒါဆိုရင် တိုင်းပြည်တပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို တိုင်းပြည်က ထိန်းသိမ်းဖို့ ခက်သွားပါလိမ့်မယ်” လို့ ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတော် ပုန်ကန်မှု၊ လူသတ်မုဒိမ်း၊ မူးယစ်ဆေးဝါးနဲ့ လူသတ် ဓားပြတိုက်မှု စတဲ့ ပြစ်မှုတွေကို သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ထားပြီး ၁၉၈၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ တရားရုံးကနေ သေဒဏ်ချမှတ်ပေးပေမယ့် အမှန်တကယ် သေဒဏ်ချမှတ်ခဲ့တာတော့ မရှိပါဘူး။ ကမ္ဘာပေါ်မှာလည်း နိုင်ငံပေါင်း ၅၀ ကျော်ဟာ သေဒဏ်ကျင့်သုံးဆဲ ဖြစ်ပါတယ်။

No comments: