နန်းဆိုင်နွမ်
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်မြို့နယ်တွင် အသတ်ခံရသည့် ရွာသား ၅ ဦးနှင့် ပတ်သက်ပြီး ယမန်နေ့ က တပ်မတော်သား ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သော်လည်း အသတ်ခံရသည့် မိသားစုဝင်များက ကျေနပ်မှု မရှိပေ။
“မနေ့က ကျမတို့ လားရှိုးစစ်ခုံရုံးကို သွားရောက် နားထောင်ခဲ့ပါတယ်။ ကျမတို့ စကားတလုံးမှ မပြောခဲ့ရပါဘူး။ ကျမက တော့ ထောင်ဒဏ် ၅နှစ်ထဲ ချလိုက်တာ မကျေနပ်ဘူး။ ပြီးတော့ ကျမတို့ လျော်ကြေးငွေလည်း မရဘူး” ဟု အသတ်ခံရသည့် စိုင်းဆမ်၏ ဇနီးဖြစ်သူ ဒေါ်အေးလွတ်က ဧရာဝတီသို့ ပြောသည်။
အသတ်ခံရသည့် ရွာသားများ၏ မိသားစုဝင်များက တပ်ပိုင်းဆိုင်ရာမှ လျော်ကြေးငွေများပေးမည်ကို မျှော်လင့်နေကြ ကြောင်း၊ နောက်ထပ် ယခုကဲ့သို့ တပ်မှ ကျေးရွာသို့ လာရောက်ပြီး လူသတ်မှုများ ထပ်မံမဖြစ်ပွားလိုကြောင်း၊ သေနတ်သံ များလည်း မကြားလိုကြောင်း ဒေါ်အေးလွတ်က ပြောသည်။
ဇွန်လ၂၅ ရက်နေ့ မိုင်းယော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရွာသား ၅ ဦး အသတ်ဖြတ်ခံရတဲ့ကိစ္စနှင့် ပတ်သက်ပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် မြန်မာ့တပ်မတော်မှ တပ်မမှူး အပါအ၀င် အရာရှိစစ်သည် ၇ ဦးကို စစ်တရားရုံးနှင့် စစ်ဆေးပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ကာ အရပ်ဘက် အကျဉ်းထောင်သို့ ပို့သွားမည်ဟု သိရသည်။
လားရှိုးမြို့ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလျန်းခမ်းကလည်း အသတ်ခံရသည့် ရွာသား ၅ ဦးသည် မိသားစုဝင်များကို ဦးဆောင်သည့်သူများဖြစ်သည့်အတွက် အသတ်ခံရသည့်သူများ၏ မိသားစုဝင်များက လျော်ကြေးငွေကို မျှော်လင့်နေကြောင်း၊ တပ်မှလည်း မိသားစုဝင်များကို လျော်ကြေးငွေ မည်မျှပေးမည်ကို မကြားရသေးကြောင်း စိုင်းဝမ်းလျန်းခမ်းက ပြောသည်။
အမှုအတွက် ပြစ်ဒဏ်ချခံရသူ တပ်မတော်သား ၇ ဦးမှာ အမှတ် ၁၀ (စကခ) စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန ယာယီ တပ်မမှူး ဗိုလ်မှူးကြီးမျိုးအောင်၊ ဟိုပန်အခြေစိုက် အမှတ်၃၆၂ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးတင်မျိုးဇော်၊ ဒုတိယ စစ်ဦးစီးမှူး ဗိုလ်မှူးအောင်နေဖြိုးနှင့် စရဖအရာရှိ ဗိုလ်ကြီး လင်းနိုင်စိုး၊ တပ်ကြပ်ကြီး စိန်ဝင်းမောင်၊ တပ်ကြပ်ကြီး မောင်အုန်းနှင့် တပ်ကြပ်မောင်မောင်ထွေးတို့ ဖြစ်သည်။
မိုင်းယော်ကျေးရွာတွင် ဒေသခံ ၇ဦး အသတ်ခံရပေမယ့် လက်ရှိတွင် ဒေသခံ ၅ ဦးသေဆုံးမှုကိုသာ တပ်မတော်က ဝန်ခံခဲ့ပြီး ပြစ်ဒဏ်ပေးခဲ့ကာ ကျန်ရွာသား ၂ ဦး သေဆုံးမှုကို စစ်ဆေးပြစ်ဒဏ်ပေးမှု မရှိသေးကြောင်းလည်း မိုင်းယော်ကျေးရွာ ဒေသ ခံများက ပြောသည်။
ထိုမိုင်းယော်ကျေးရွာအနီး ဒေသခံရွာသား ၇ဦး အသတ်ခံသေဆုံးခဲ့ရသည့်အပေါ် တပ်မတော် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးက သွားရောက်ပြီး လူသားချင်းစာနာမှုအနေဖြင့် ဇူလိုင်၃ရက်နေ့က ကျပ် ၃ သိန်းစီ ပေးအပ်ခဲ့သည်။
ဇူလိုင်လ ၂၀ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိုင်းယော်ကျေးရွာ ဒေသခံ၇ဦး သေနတ် နှင့် ပစ်သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်တွင် လိုက်နာရမည့် သုံ့ပန်းများ စစ် ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများရှိပြီး ထိုလုပ်ထုံးလုပ်နည်းများကို မလိုက်နာသည့် တပ်မတော်အရာရှိ၊ စစ်သည်များကို စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
မြန်မာ့တပ်မတော်သည် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် အုပ်ချုပ်ရေး မလွဲပြောင်းခင် နှစ်ပေါင်း ၅၀ ခန့် တိုင်းပြည် အုပ်ချုပ်ရေးကို နာမည်ဆိုးဖြင့် တာဝန်ယူခဲ့ပြီး အထက်ပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် ဧပြီလမှ စ၍ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအဖွဲ့ တာဝန်ယူလာသည့် ကာလအတွင်း ထင်ရှားသည့် အပြောင်းအလဲအဖြစ် တွေ့လာရသည်။
အနောက်အုပ်စု နိုင်ငံများမှ စစ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ထက်သန်နေသည့် စစ်ခေါင်းဆောင်များသည် တိုင်းပြည် ပြုပြင်ပြောင်းလဲရေးတွင် ဦးဆောင်ပါဝင်သည့် အဖွဲ့အစည်းတရပ်အဖြစ် ပြသလိုသောကြောင့် ယခင်က မပြုလုပ်ဖူးသော တပ်မတော်သားများအား အပြစ်ပေး အရေးယူမှုကို ပြုလုပ်လာခြင်းဟု မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။
No comments:
Post a Comment