Monday, September 5, 2016

မြန်မာသံတော်ဆင့်ကို ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး တရားစွဲမည်

ထက်နိုင်ဇော်


မြန်မာသံတော်ဆင့် ဂျာနယ်က ၂၁ ရာစု ပင်လုံ ညီလာခံတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်မှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ တာဝန်ရှိသူများကို ခုတုံးလုပ်၍ နိုင်ငံရေး အမြတ်ထုတ် နေသည် ဟုဆိုကာ ရေးသားခဲ့ခြင်းအပေါ် တရားစွဲဆိုမည်ဖြစ်ကြောင်း ညီလာခံ ပူးတွဲ ကျင်းပရေး ကော်မတီဝင် ဦးခင်ဇော်ဦးက ပြောသည်။

နေပြည်တော်တွင် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကျင်းပနေသည့် ၂၁ ရာစု ပင်လုံ ညီလာခံ တွင် နေရာထိုင်ခင်း စီစဉ်ထားရှိများတွင် ဦးခင်ဇော်ဦးက ခြယ်လှယ်ခဲ့သဖြင့် ပွဲတက်ရောက်သူများ အဆင်မပြေခဲ့ရကြောင်း မြန်မာသံတော်ဆင့်က ရေးသားခဲ့သည်။

ဦးခင်ဇော်ဦးက“သူတို့ ဘယ်လို ဖြေရှင်းမလဲဆိုတာ ကျနော်စောင့်နေတယ်။ တောင်းပန်ရင်တော့ စဉ်းစား မယ်။ မဟုတ် ရင်တော့ တရားရုံးမှာ တွေ့ကြတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

“NLD အစိုးရ တာဝန်ရှိသူတွေကို ခုတုံးလုပ်ရအောင် ကျနော်က နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ ဒီအခမ်း အနားမှာ ကျနော်က ပူးပေါင်း ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ဥက္ကဌတာဝန် ပေးထားပါတယ်။ ဘာမှ တိုက်ရိုက် အကောင်အထည် မဖော်ရပါဘူး။ လိုအပ်တာတွေ၊ အမြင်မတော်တာတွေကို ညှိနှိုင်းဆောင်ရွက်ပေးရတာပါ”ဟု ဦးခင်ဇော်ဦးက သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ဦးခင်ဇော်ဦးက ခိုင်မာသော လူသက်သေ၊ စာရွက်စာတမ်း သက်သေ အချက်အလက်များ ရှိပြီး မြန်မာ သံတော် ဆင့် ဂျာနယ်အနေဖြင့် အချက်အလက်များ ခိုင်ခိုင်မာမာဖြင့် တရားရုံးသို့ လာရန်သာ လိုတော့ ကြောင်း ပြောဆို သည်။

“ညီလာခံ စီစဉ်သူတချို့က ပြောတယ်ဆိုတာ ပြန်ရှင်းဖို့ လိုလာလိမ့်မယ်”ဟု သူက ပြောသည်။

မြန်မာ သံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ဦးဆန်းဝင်းထွန်းကမူ သတင်းစာနယ်ဇင်း ကျင့်ဝတ်အရ မျှတမှု ရှိစေရန် ဦးခင်ဇော်ဦးဘက်သို့ မေးမြန်းခဲ့သော် ပြန်လည် ဖြေကြားရန် ငြင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် ဂျာနယ် ဘက်မှ ပြန်လည် တောင်းပန်သွားမည်မဟုတ်ဟု ဧရာဝတီသို့ ပြောသည်။

“မေးတော့လည်း မဖြေနိုင်ဘူးလို့ ပြောတယ်။ ကျနော်တို့ အခွင့်အရေးပေးတာ သူမှ မပြောတာ။ အဲဒါကြောင့် တောင်းပန်ဖို့ လုံးဝ မရှိဘူး”ဟု ဦးဆန်းဝင်းထွန်းက ဆိုသည်။

No comments: