Friday, September 16, 2016

သစ်ခိုးမှု တားဆီးရေး သစ်တောရဲ ၂၀၀ ကျော် ခန့်အပ်

ထွန်းထွန်း


တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးရာတွင် သစ်တောဝန်ထမ်းများလုံခြုံရေးအတွက် ရဲအင်အား ၂၁၅ ဦးကို တိုင်းနှင့် ပြည်နယ် ၇ ခုရှိ ခရိုင် ၁၄ ခုတွင် စက်တင်ဘာ ၁ ရက်နေ့မှစတင် ခန့်အပ်ဆောင်ရွက် လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သတင်းရ ရှိသည်။

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးမျိုးမင်းက “သူတို့ရဲ့အဓိက တာ ဝန် က သစ်တော အမှုတွေ ဖမ်းဆီးရာမှာ ဝန်ထမ်းတွေရဲ့လုံခြုံရေးယူပေးဖို့ပါ”ဟု ပြောသည်။

သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ကို ၂၀၁၃ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိပြည်ထဲရေးဝန်ကြီးဌာနက သစ်တောဌာန သို့တွဲပေးသည့် ရဲအင်အားကို နေပြည်တော်ဒက္ခိဏခရိုင် ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ပဲခူးတိုင်းရှိ ပြည်၊ တောင်ငူ၊ သာယာဝတီ၊ ပဲခူး ခရိုင်များ၊ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ရွှေဘို၊ ကသာ ခရိုင်များ ၊ မကွေးတိုင်းရှိ ပခုက္ကူနှင့် ဂန့်ဂေါ ခရိုင်၊ ရှမ်းပြည်နယ်ရှိ တောင်ကြီးခရိုင်၊ လားရှိုးခရိုင်၊ ဧရာဝတီတိုင်းရှိ ပုသိမ် ခရိုင်တို့တွင် ဖြန့်ခွဲချ ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်သစ်များဖမ်းဆီးရာတွင် ဝန်ကြီးဌာနအနေဖြင့် တပ်မတော်၊ အုပ်ချုပ်ရေးဌာနများနှင့်ပါ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိဖြန့်ဝေချထားမှုအပေါ် သုံးသပ်ကာ ကျန်ဒေသများတွင် အင်အားတိုးချဲ့ချထားခြင်းများ ဆောင် ရွက် ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးမျိုးမင်းက ပြောသည်။

သစ်တောဝန်ထမ်းဟောင်းတဦးဖြစ်သည့် ဦးစည်သူလွင်က “အခုလိုခန့်ထားပေးတာ ကောင်းပေမယ့် အရင်ကလို သစ်တော ဝန်ထမ်းတွေကို လေ့ကျင့်ပေးပြီး သေနတ်ကိုင်ခွင့်ပြန်ပေးရင် အပိုတွေ သိပ်မကုန် တော့ဘူးပေါ့” ဟု ပြောသည်။

သစ်တောဌာနဝန်ထမ်းများအနေဖြင့် ၁၉၈၈ ခုနှစ်မတိုင်မီ ကာလများတွင် ကိုယ်ပိုင်လက်နက်တိုက်ဖြင့် နယ်မြေဒေသ အခြေအနေအရ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ခွင့် ရှိခဲ့ကြောင်း ဦးစည်သူလွင်က ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရေးအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် မှ စတင်ကာ ကျွန်းနှင့် သစ်မာ ထုတ်လုပ်မှုကို လုံးဝရပ်နားရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး တရားဝင်သစ်နှင့် သစ်တော ထွက်ပစ္စည်းများ ခိုးထုတ်မှုကို နည်းလမ်း ၅ခုဖြင့် ဖမ်းဆီးဆောင်ရွက် လျက်ရှိကြောင်း ဝန်ကြီး ဦးအုန်းဝင်း က စက်တင် ဘာ ၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင်ပြောသည်။

အဖိုးတန်သစ်များ တရုတ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်နေခြင်းသည် ၇ မိနစ်လျှင် ၁၅ တန်ပါ သစ်တင် ကား တစီးနှုန်း ဖြင့် ရောက်ရှိနေသည်မှာ မှန်ကန်ပြီး တရားမဝင်သစ်ခိုးထုတ် တင်ပို့မှုများကို အရှိန် အဟုန်မြှင့်၍ ဖမ်းဆီး၊ အရေးယူ သွား မည်ဖြစ်ကြောင်း ဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ဦးစည်သူလွင်က “အင်မတန်စိတ်ပျက်စရာ ကောင်းတဲ့စကားကြားရတာပါပဲ၊ စစ်အုပ်ချုပ်ရေးအဖြစ် တပ်မတော်က အစစ တာဝန်ယူချိန်မှာ တိုင်းပြည်ရဲ့သယံဇာတတွေ အများကြီးဆုံးရှုံးခဲ့ရတယ်၊ အခု ဒါတွေကို ပြင်ဖို့လိုနေပြီ”ဟု ဆိုသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၁၅ ခုနှစ်အဆိုအရ မြန်မာနိုင်ငံသည့် သစ်တော ပြုန်းတီးမှု အများဆုံးစာရင်းတွင် အဆင့် ၃ နေရာတွင်ရှိပြီး သစ်တောပြုန်းတီးမှုအန္တရာယ်အဆင့်ကို ရောက် နေပြီဖြစ်ကြောင်း၊ တရားမဝင်သစ်တင်ပို့မှုများတွင် သစ်တောဝန်ထမ်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင် ပတ် သက်နေကြောင်း လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်တွင် ပြော ဆိုခဲ့သည်။

အစိုးရသစ်လက်ထက် ဧပြီလမှ သြဂုတ်လကုန် အထိ ကျွန်း၊ သစ်မာ၊ အခြားစုစုပေါင်း ၁၉၁၀၈ ဒသမ ၃၁၃၅ တန်၊ တရားခံ ၃၃၁၆ ဦး၊ ယာဉ်ယန္တရား ၉၉၂ စီးတို့ကို ဖမ်းဆီးခဲ့ပြီး ၁၆ နှစ်ကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြားအသားစုစုပေါင်း ၆၃၀၉၉၉ ဒသမ ၉၇ တန်၊ တရားခံ ၁၀၀၉၄၃ ဦး၊ ယန္တရားပေါင်း ၁၃၉၅၆ စီးတို့ကို ဖမ်းဆီး အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

No comments: